ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲစေလို


ငါးပါးသီလသည် အလွန်အရေးကြီး၏။ ငါးပါးသီလကို စောင့်ထိန်းရုံဖြင့် ဒုစရိုက်(၁၀) ပါးကို ရှောင်ကြည်ပြီး သုစရိုက်(၁၀)ပါးကို ဖြည့်ကျင့်
ရာရောက်၏ ။ဒုစရိုက်ကိုကျုးလွန်တတ်သောအကြမ်းစားကိလေသာများ
ကိုလည်း ဖယ်ရှားချိုးနှိမ်ပြီး ဖြစ်သွားသည့် အတွက် စိတ်ကို ဖြူစင်
စေရာလည်း ရောက်၏ ။
ငါးပါးသီလ၏ ပထမ သိက္ခာပုဒ် သုံးခုဖြင့် ကာယဒုစရိုက် ၃ ပါးကို ရှောင်ကြည်၏ ။ စတုတ္ထသိက္ခာပုဒ်ဖြင့် မုသာဝါဒနှင့်တကွဝစီဒုစရိုက်၎ပါးစလုံးကိုရှောင်ကြည်ရ၏။သူတစ်ပါး၏အသက်ကိုမသတ်ဘူးဟုဆုံးဖြတ်ထား
သူသည် သတ်ရန်ကြံစည်ခြင်းကိုလည်း ပြုလုပ်တော့မည်
မဟုတ်တော့ချေ။ ထို့ကြောင့် ဗျာပါဒကို ရှောင်ရှားပြီးသား ဖြစ်သွား၏.
ထို့အပြင် သူ့ဥစ္စာကိုမတရားသောနည်းများဖြင့်မရယူပါဘူးဟုဆုံးဖြတ်ထားသူသည်ခိုးဝှက်တိုက်ခိုက်ယူရန်
ကိုလည်း ကြံစည်တော့မည်
မဟုတ်ချေ။ သို့အတွက် အဘိဇ္ဇျာကိုလည်း ရှောင်ကြဉ်ပြီး ဖြစ်တော့၏ ။
တစ်ဖန်ငါးပါးသီလကိုရိုသေလေးမြတ်စွာစောင့်ထိန်းသူသည်ကံကံ၏အကျိုးကိုယုံကြည်၍စောင့်ထိန်းခြင်းဖြစ်
်သည်။ သို့အတွက်
ကံ-ကံ၏ အကျိုးရှိသည်ကို မယုံကြည်သော မိစ္ဆာဒိဠိကိုလည်း ရှောင်ကြည်ရာ ရောက်၏ ။
ငါးပါးသီလ စောင့်ထိန်းခြင်းသည် ဘုရားရှင်အဆူဆူတို့၏ အဆုံးအမနှင့် အညီနေထိုင်ခြင်းဖြစ်သည်။ ဒုစရိုက် (၁၀)ပါးကို ရှောင်ကြည်နိုင်လျှင် ကုသိုလ်ရ၍ ၊ ကုသိုလ်ကံများမှ တဆင့် ကောင်းကျိုးချမ်းသာ များစွာကိုလည်း ရရှိမည်ဖြစ်သည်။
ငါးပါးသီလမလုံခြုံလျှင် ဒုစရိုက်ကို ကျုးလွန်ရာ ရောက်သဖြင့် အကုသိုလ်ကံများဖြစ်ပွားကာ အပါယ်သို့ ကျရောက်သွားလိမ့်မည်။
အပါယ်ကျသွားသောသူသည် လူ့ဘဝသို့ ပြန်လည်ရရှိရန်မှာ အလွန်အလွန်ခဲယဉ်းပါသည်။ ဗြဟ္မာပြည်မှ အပ်တစ်စင်းကို ပစ်ချရာတွင်လူ့ပြည်မှာ ထောင်ထားသည့် အပ်တစ်စင်းကို အပ်သွားချင်းထိတိုက်ရန်မှာ လွယ်ကူချေသေး၏။ လူ့ဘဝပြန်လည်ရရှိရန်မှာ ထို့ထက် ခဲယဉ်သေးသည်။ ထို့အပြင် သီလစောင့်ထိန်း
သူသည် သူ့အသက်ကို သတ်ဖို့အခွင့်ကြုံလျှင် မသတ်ဘဲ ရှောင်ကြည်လိုက်သည့် အတွက် သူ့အသက်

ကို ပေးလှူရာရောက်၏။သူ့ဥစ္စာကိုခိုးယူဖို့ကြုံသောအခါ၌လည်းမခိုးမယူသည့်အတွက်သူနှစ်သက်မြတ်နိုးသော သူ့ဥစ္စာကို ပေးလှူရာရောက်၏ ။ သူတစ်ပါး၏ သား၊ မယားကို လွန်ကျုးဖို့ အခွင့်ကြုံလာသည့်အခါ၌လည်း မလွန်ကျုးဘဲရှောင်ကြည်သဖြင့် သူတစ်ပါးတို့ကို စိတ်ပူပင် သောကကင်းစေပြီး ငြိမ်းချမ်းစွာနေထိုင်ရန် အကျိုးဆောင်ပေးရာ ရောက်သည်။ သူတစ်ပါးတို့အား ထိခိုက်နစ်နာစေမည့် မမှန်
မကန်သောစကား ၊ ကုန်ချောသည့်စကား၊ ကြမ်းတမ်းသည့်စကား၊ အကျိုးမရှိသောစကား များကို မပြောမဆိုသည့်အတွက်လည်း လူ လူ ချင်း ဆက်ဆံရာတွင် ယုံမှားသံသယ ကင်းရှင်းပြီး ယုံကြည်စိတ်ချစွာ ဆက်ဆံနိုင်စေသည်။ လူအပေါင်းတို့က သစ္စာမြေပေါ်တွင် ရပ်တည်နေကြလျှင် ရာသီဥတုမှန်ကန်၍ အသီးအနှံများ ပေါများကာ အဆီအနှစ် သြဇာတို့နှင့် ပြည့်စုံကြမည်။ ထို့အပြင် သေရည်အရက် မူးယစ်ဆေးဝါးတို့ကို သောက်စားသုံးဆောင်ခြင်းမှ ရှောင်ရှားကြသည့်အတွက် မှောက်မှောက်မှားမှား ပြုမူဆက်ဆံခြင်းမျိုးလည်း မရှိဘဲအနာရောဂါ ကင်းရှင်းကြလိမ့်မည်။

အပရိမာနာနံ သတ္တာနံ အဘယံဒေတိ
အဝေရံဒေတိ အဗျာပဇ္ဇံဒေတိ ။
" ငါးပါးသီလကို စောင့်ထိန်းခြင်းသည် အတိုင်းမသိ အရေအတွက် ရှိသော သတ္တဝါတို့အား ဘေးမရှိခြင်းကို ပေးလှုရာရောက်၏ ။
ရန်မရှိခြင်းကို ဆောင်ကျဉ်းပေးရာရောက်၏ ။ စိုးရိမ်ကြောင့်ကြမှု မရှိအောင် အကျိုးဆောင်ပေးရာ ရောက်၏ ။"
ထို့ကြောင့် ငါးပါးသီလကို "မဟာဒါန" ဟုခေါ်သည်။
ဤသို့ ငါးပါးသီလကို စောင့်ထိန်းလျှင် လွန်စွာအကျိုးရှိပြီး ၊ မစောင့်ထိန်းလျှင် လွန်စွာအကျိုးယုတ်သည့်အတွက် ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာ စောင့်ထိန်းအပ်သော "နိစ္စသီလ" ဟုခေါ်သည် ။ အလေးဂရုပြုအပ်သော ကိုယ်ကျင့်တရား ဖြစ်၍ "ဂရုဓမ္မသီလ" ဟုခေါ်၏ ။
အရိယာသူတော်ကောင်းတို့ အသက်တမျှ ချစ်မြတ်နိုးကြသော သီလဖြစ်၍ "အရိယာကန္တာ သီလ" ဟုလည်းခေါ်ဆို၏ ။ ငါးပါးသီလမလုံခြုံလျှင် ပုဆိုးကျွတ်သွားသည်နှင့်တူသဖြင့် ရှက်စရာ ကောင်းသည်။ ငါးပါးသီလကို အလေးမမူဘဲ လုံးဝမစောင့်ထိန်းလျှင်လုံးဝ အဝတ်မရှိကြသော တိရိစ္ဆာန် များနှင့် တူသွားပေလိမ့်မည်။
"မြတ်စွာဘုရားရဲ့ အခြေခံအကျဆုံး ကျင့်စဉ်ဖြစ်တဲ့ ငါးပါးသီလကို ဒါယကာ ဒါယကာမ တို့ လုံခြုံအောင် စောင့်ထိန်းဖို့ မဟောကြားဘဲ အထက်အထက် တရားတော်ကို ဟောကြားမယ်ဆိုရင် ပုဆိုးမရှိ တဲ့ အမျိုးသားကို တိုက်ပုံအင်္ကျီဝတ်ပေးပြီး ခေါင်းပေါင်း ပေါင်းပေးရာ ရောက်တယ် ၊ ထဘီမရှိတဲ့ အမျိုးသမီးကို မျက်နှာအလှချယ်သပြီး ပန်းပန်ပေးရာ ရောက်တယ် " ဟု အမိန့်ရှိတော်မူတယ် ။
သို့ဖြစ်၍ ဗုဒ္ဓဘာသာဝင် မိမိတို့ အားလုံးတို့သည် အလှပဆုံး အဆင်တန်ဆာဖြစ်သည့် ငါးပါးသီလကို နှစ်သက်မြတ်နိုးစွာ ထာဝစဉ် ဝတ်ဆင်ကြရန် အထူးလိုအပ်ပါသည်။

ဆက်လက်ဖတ်ရှူရန်...

သီလ၏ အကျိုးကျေးဇူးများ


သီလစောင့်ထိန်းခြင်း၏ အကျိုးကျေးဇူးတို့သည် အလွန်များပြားလှပေ၏ ။

၁။ "အနန္ဒာ.....အပြစ်ကင်း၍ ကောင်းမြတ်သော သီလအကျင့်တို့သည် စိတ်နှလုံးသာယာချမ်းမြေ့ခြင်း အကျိုး၊ စိတ်နှလုံးချမ်းသာ အေးမြခြင်း အာနိသင်ရှိကုန်၏။ " ဟု အရှင်အာနန္ဒအား မြတ်စွာဘုရား မိန်းကြားတော်မူ၏ ။

၂။ " အို- သူကြွယ်တို့ - ဤလောက၌ သီလနှင့် ပြည့်စုံသောသူ၏ အကျိုးတို့သည် ဤ ၅-ပါးတို့တည်း" ဟူ၍ အောက်ပါ အကျိုး ၅-ပါးကို မြတ်စွာဘုရား ဟောကြားတော်မူ၏။
(၁) သီလနှင့် ပြည့်စုံသူသည် မမေ့မလျော့သည့် အကြောင်းကြောင့် ကြီးစွာသော စည်းစိမ်ဥစ္စာကိုရ၏။
(၂) သီလနှင့် ပြည့်စုံသူ၏ ကောင်းသော ကျော်စောသတင်းသည် ထက်ဝန်းကျင်သို့ ပြန့်နှံ့၏။
(၃) သီလနှင့် ပြည့်စုံသူသည် မင်းပရိသတ်သို့ဖြစ်စေ ၊ သူကြွယ်ပုရိသတ်သို့ ဖြစ်စေ၊ ရဟန်းပရိသတ်တို့ ဖြစ်စေ ချဉ်းကပ်ဝင်ေ၇ာက်လျှင် မကြောက်မရွံ့ ရဲရဲရင့်ရင့် ကျက်သရေရှိသည့် ရွှင်လန်းသော မျက်နှာဖြင့် ချဉ်းကပ်ရ၏ ။
(၄) သီလနှင့် ပြည့်စုံသူသည် မိမိပြုခဲ့သော ကောင်းမှု ကုသိုလ် တို့ကို ထင်မြင်၍ မတွေမဝေ ကြည်ကြည်လင်လင် သေရ၏ ။
(၅) သီလနှင့်ပြည့်စုံသူသည် ခန္ဓာပျက်ကြွေ၍ သေလွန်သည်ရှိသော် ကောင်းမှုပြုသူတို့ လားရောက်၇ာဖြစ်သော နတ်ပြည်လောကသို့
ဧကန်မုချ ရောက်ရ၏ ။


သီလအကျိုးပြ ကဗျာ
သီလခေါ်ဆို ကိုယ်ကျင့်ကောင်းမှ တောင်းတိုင်း တ, တိုင်း ရနိုင်တယ်
ပဒေသာပင် အိမ်မှာပေါက်သလို ကောက်ယူသုံးလို့ မကုန်နိုင်တယ် ၊
ဥစ္စာစုပုံ ကုန်မယွင်း ဂုဏ်သတင်းလည်း သင်းပျံမယ်၊
ရောက်လေရာရာ ပွဲလယ်တင့်လို့ ရဲံရင့်ရွှုင်ပျ ခင်ကြမယ် ၊
သေရသော်လည်း သတိကောင်းလို့ ဂတိပြောင်းတော့ နတ်ပြည်ဝယ် ၊
သီလကောင်းကျိုး ချက်ချင်းတိုး အားကိုးလောက်ပေတယ် ၊ အဲဒါကြောင့်
ကိုယ်ကျင့်သီလ ဒီဘဝ တည်ကြ မြဲကြမယ် ။

ဆက်လက်ဖတ်ရှူရန်...

အလှဆုံး အဆင်တန်ဆာ


သီလ လုံခြုံသူသည် စိတ်ထားဖြုစင်မြင့်မြတ်သည့်အတွက် သူ၏ အသားေ၇သည် စိုပြေဝင်းဝါ၍ မျက်နှာသည် တက်နေဝန်းပမာ
ကျက်သရေရှိလှ၏။ သီလမရှိသူသည် မည်မျှလှပအောင် ဆင်မြန်းထားသည်ဖြစ်စေ ၊ စိတ်ထားပုတ်လျှင် မျက်နှာလည်း ပုတ်သိုးသိုးဖြစ်နေမည်ဖြစ်၍ လှပတင့်တယ်မည် မဟုတ်ချေ ။ သီလမရှိသူက ရေမွေးအမျိုးမျိုးကို အသုံးပြု၍ ကိုယ်ကိုဆွတ်ဖြန်းထားလျှင်လည်းချွေးထွက်လာသည့်အခါ နံစော်သောအနံ့ကို ဖုံးကွယ်ထားနိုင်မည်မဟုတ်ချေ။ နတ်များသည် သီလ မလုံသူတို့၏ ကိုယ်ရနံ့ကို ယူဇနာတစ်ရာ၊ မိုင်(၈၀၀) ခန့် အကွာအဝေးမှပင်လျှင် နံစော်ကြသည်ဟု ဆို၏။ သီလလုံခြုံသူ၏ ကိုယ်ရနံကား နတ်တို့ ချစ်ခင် နှစ်သက်ကြ၏။
သို့အတွက် သီလသည် ပျိုပျိုအိုအို အရွယ်မရွေး ၊ လူမျိုးမရွေး၊ ဘာသာမရွှေး ဆင်မြန်းနိုင်သော အလှဆုံး အဆင်တန်ဆာဖြစ်၏။လောအောက်လေညာ ထက်ဝန်းကျင် ပျံနှံ၍ နတ်ပြည်အထိ သင်းပျံကြိုင်လှိုင်သော အမွှေးနံ့သာ လည်း ဖြစ်၏။သီလသည် အိုမင်းသည်တိုင်အောင် စိတ်ချမ်းသာ အေးမြစေပြီး ကျက်သရေ အရှိဆုံး အဆင်တန်ဆာဖြစ်ပေသတည်း။

ပန်းရနံ့သည် လောညာသို့ မသွား၊ စန္ဒကူးအနံ့ ၊ တောင်စလပ်ပန်းအနံ့ ၊ စပယ်ကြက်ရုံးပန်းအနံ့တို့သည်လည်း လေညာသို့မသွား၊ သူတော်ကောင်းတို့၏ အနံ့သည်သာ လောညာသို့ သွား၏ ။ သူတော်ကောင်တို့၏ ဂုဏ်သတင်းသည် အ၇ပ်မျက်နှာာအားလုံးသို့ ပျံနှံလှိုင်ကြူ၏ ။


စန္ဒာကူးအနံ့သည်လည်ကောင်း၊တောင်ဇလပ်ပန်းအနံ့သည်လည်ကောင်း၊မြတ်လေးပန်းအနံ့သည်လည်ကောင်းရှိ၏။ ထိုပန်းရနံ့ အမျိုးမျိုးထက် သီလ အနံ့သည်သာ အတုမရှိမြတ်၏ ။
တောင်ဇလပ် စန္ဒကူးပန်းတို့၏ အနံ့သည် မပြောပလောက်ချေ၊ အနည်းငယ်မျှသာဖြစ်၏။ သီလရှိသော သူတို့၏ သီလအနံ့သည် ကားထူးကဲလွန်မြတ်သည် ဖြစ်၍ နတ်ပြည်သို့တိုင်အောင် ကြိုင်လှိုင်၏။

ဆက်လက်ဖတ်ရှူရန်...

အမှောင်သွား အလင်းသွား


ပုဂ္ဂိုလ်လေးမျိုးကို လိုက်နာကျင့်သူနိုင်ဖို့ ဖေါ်ပြလိုပါသည်။ မိမိတို့ နေထိုင်သည့်လောကတွင်ရှိသည့် ဤဖေါ်ပြပါ ပုဂ္ဂိုလ်လေးမျိုးတွင်မိမိ ဘယ်သို့ သောပုဂ္ဂိုလ်အမျိုးစားတွင်ပါသည်ကို မိမိကိုယ်မိမိ ဆုံးဖြတ်ပါ။ ထိုလေးမျိုးကား ..


(၁)အမှောင်မှ အမှောင်သွားမည့်သူ၊
(၂)အမှောင်မှ အလင်းသွားမည့်သူ၊
(၃)အလင်းမှ အမှောင်သွားမည့်သူ၊
(၄)အလင်းမှ အလင်းသွားမည့်သူ၊

(၁) အမှောင်မှ အမှောင်သွားမည့်သူဟူသည်...

ဤလောက၌ အချို့ သူသည် အစားအသောက်အတွက်ခက်ခက်ခဲခဲရှာဖွေ၍ ဆင်းရဲအောက်ကျသောအမျိုး၌ဖြစ်ရ၏၊ ရုပ်အဆင်း လည်းဆိုးဝါး၏၊ ကျန်းမာရေးလည်းမကောင်းလှ၊ ဤသို့ ဖြစ်သူကို မှောင်နေသူဟုခေါ်သည်။ ထိုသူသည် ကိုယ်နှုတ်စိတ်ဖြင် မကောင်းမှုကိုပြု၏။ ကံနှင့်ကံအကျိုးကိုမယုံ၊ အတောင်းအရမ်းလာသူများကို မပေးသည့်အပြင် ဆဲလိုက်သေး၏။ ပေးနေသည်ကို တွေ့ လျှင် တားမြစ်၏။ ဤသူသည်သေလျှင် အပါယ်လေးပါးသို့ သွားရမည်ဖြစ်သောကြောင့် မှောင်နေသောယခုဘ၀မှ မှောင်သော နောက်ဘ၀သို့ သွားရမည့် အမှောင်မှ အမှောင်သွာပုဂ္ဂိုလ်ဖြစ်ရလေသည်။

(၂) အမှောင်မှ အလင်းသွားမည့်သူဟူသည်....

ဤလောက၌ အချို့ သူသည် အစားအသောက်အတွက်ခက်ခက်ခဲခဲရှာဖွေ၍ ဆင်းရဲအောက်ကျသောအမျိုး၌ဖြစ်ရ၏၊ ရုပ်အဆင်း လည်းဆိုးဝါး၏၊ ကျန်းမာရေးလည်းမကောင်းလှ၊ ဤသို့ ဖြစ်သူကို မှောင်နေသူဟုခေါ်သည်။ ထိုသို့ မှောင်နေသော်လည်း ကံနှင့်ကံ၏ အကျိုးကိုယုံကြည်၏။ နှမြောဝန်တိုခြင်းမရှိ။ ဒုစရိုက်မျာကိုရှောင်ရှား၍ သုစရိုက်များကိုပြုကျင့်၏။ ရဟန်းသံဃာများ ကိုလည်းရိုသေဆည်းကပ်၏။ တောင်းရမ်းလာသူတို့ အား ကိုယ်တိုင်လည်းပေး၏ သူတပါးပေးနေသည်ကိုလည်း ၀မ်းမြောက်၏။ ဤသူသည်သေသောအခါ ကောင်းသောဘ၀သို့ ရောက်ရမသည်သူဖြစ်သောကြောင့် အမှောင်မှ အလင်းသွားမည့်သူဖြစ်သည်။


(၃) အလင်းမှ အမှောင်သွားမည့်သူဟူသည်.....

အချို့ သူသည် ဥစ္စာစည်းစိမ်ဂုဏ်သိရ် ပြည့်ဖြိုးသော အထက်တန်း၌ ဖြစ်ရ၏။ ရုပ်အဆင်းလည်းလှ၏။ ကျန်းမာခြင်းလည်း ကောင်း၏။ ဤသို့ ပြည့်စုံနေသူကို အလင်းနေသူဟုဆိုရ၏။ ထိုသူသည် မကောင်းမှုဒုစရိုက်တို့ ကိုပြု၏။ ကံနှင့်ကံ၏အကျိုးကို မယုံကြည်။ အတောင်းရမ်းလာသူတို့ အား မပေးသည့်အပြင်ဆဲရေး၏။ သူတပါးပေးနေသည်ကိုလည်းတားမြစ်၏။ ဤသူသည် သေလျှင်အပါယ်လေးပါးသို့ သွားမည့်သူဖြစ်သောကြောင့် အလင်းမှ အမှောင်သို့ သွားမည့်သူဖြစ်ရလေသည်။

(၄) အလင်းမှအလင်းသွားမည့်သူဟူသည်....

အချို့ သူသည် ဥစ္စာစည်းစိမ်ဂုဏ်သိရ် ပြည့်ဖြိုးသော အထက်တန်း၌ ဖြစ်ရ၏။ ရုပ်အဆင်းလည်းလှ၏။ ကျန်းမာခြင်းလည်း ကောင်း၏။ ဤသို့ ပြည့်စုံနေသူကို အလင်းနေသူဟုဆိုရ၏။ ကံနှင့်ကံ၏ အကျိုးကိုယုံကြည်၏။ နှမြောဝန်တိုခြင်းမရှိ။ ဒုစရိုက်မျာကိုရှောင်ရှား၍ သုစရိုက်များကိုပြုကျင့်၏။ ရဟန်းသံဃာများ ကိုလည်းရိုသေဆည်းကပ်၏။ တောင်းရမ်းလာသူတို့ အား ကိုယ်တိုင်လည်းပေး၏ သူတပါးပေးနေသည်ကိုလည်း ၀မ်းမြောက်၏။ ဤသူသည်သေသောအခါ ကောင်းသောဘ၀သို့ ရောက်ရမသည်သူဖြစ်သောကြောင့် အလင်းမှအလင်းသို့ သွားမည့်သူဖြစ်သည်။

ဆက်လက်ဖတ်ရှူရန်...

မြတ်ဗုဒ္ဓရဲ့ လမ်းညွန်ချက်များ



၁။ ဘဝချမ်းသာရေးမှာ စိတ်သာပဓာန၊ စိတ်ကောင်းနေရင် ချမ်းသာမယ် ၊ စိတ်ဆိုးနေရင် ဆင်းရဲမယ် ။

၂။ စစ်ပွဲတစ်ရာ အောင်နိုင်တာထက် မိမိရဲ့ စိတ်ကို အောင်နိုင်တာက ပိုပြီး ကြီးကျယ်မြင့်မြတ်တယ်။
၃။ စိတ်ကို အောင်နိုင်တယ်ဆိုတာ စိတ်ကို ဆိုးညစ်ယုတ်ညံ့အောင် ခြယ်လှယ်နေကြတဲ့ မောဟ၊ လောဘ၊
ဒေါသ စတဲ့ ကိလေသာများကို ပယ်သတ်နိုင်ခြင်း ဖြစ်တယ်။
၎။ ကိလေသာတွေဟာ စိတ်ကို ပူလောင်ပင်ပန်းဆင်းရဲစေကြတဲ့ အတွက် ကိလေသာတွေ ယှဉ်တဲ့ အကု
သိုလ်စိတ်ဖြစ်ရင် ဆင်းရဲမယ်။ ကုသိုလ်စိတ်ဖြစ်ရင် ကောင်းမြတ်တင့်တယ်တဲ့ စေသတိတ်တွေ ယှဉ်ကြ
တဲ့ အတွက် ချမ်းသာမယ်။
၅။ "ယောနိသောမနသိကာရ" ဆိုတဲ့ သင့်တင့်လျောက်ပတ်အောင် နှလုံးသွင်းမှုရှိရင် ကုသိုလ်စိတ်တွေဖြစ်
မယ်။ မရှိရင် အကုသိုလ်စိတ်တွေ ဖြစ်မယ်။
၆။ အာဂမသုတ- အဓိဂမသုတဆိုတဲ့ ပရိယတ်-ပဋ္ဋိပတ် အသိပညာတွေဦးစီးမှ ယောနိသောမနသိကာရ
ဖြစ်အောင် နှလုံးသွင်းနိုင်ပြီး တကယ်ချမ်းသာတဲ့ ဘဝကို ထူထောင်နိုင်လိမ့်မယ်။
၇။ ကာမဂုဏ်ဆိုတာ အာရုံငါးပါးပါပဲ။ အာရုံနဲ့ ဒွါရ(မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်) တို့ ဆုံတွေ့တဲ့ အခါ
" သောမနဿသဟဂုတ် လောဘမူစိတ်" ဖြစ်လို့ နှစ်သက်ခြင်း၊ ချမ်းသာခြင်း(ပီတိ-သောမနဿ)တို့ ဖြစ်
ပေါ်လာတယ်။ ဒီနှစ်သက်ခြင်း၊ချမ်းသာခြင်းတို့ဟာ ကာမဂုဏ်ရဲ့ သာယာဖွယ် ဖြစ်တယ်။
၈။ ကာမဂုဏ်ချမ်းသာဟာ အပူလောင်ဆုံးမီးများဖြစ်ကြတဲ့ တဏှာရာဂ၊ ဒေါသ၊ မောဟ စသည်တို့ ယှဉ်စပ်
နေကြတဲ့ အတွက် ချမ်းသာအစစ်မဟုတ်ဘူး။ မိုးမျှော်ငရုတ်သီးစားရသလို၊ အနုမီးကင်သလို ပူပူလောင်
လောင်ချမ်းသာမျှသာဖြစ်တယ်။
၉။ အာရုံငါးပါးဆိုတာ ရုပ်တရားတွေပဲ။ သက်မဲ့ ရုပ်ဝတ္ထုအားလုံးနဲ့ သက်ရှိသတ္တဝါအားလုံးဟာ မမြဲတဲ့အနိစ္စ
တရား၊ ဆင်းရဲတဲ့ ဒုက္ခတရား ၊ အစိုးမရ အနှစ်မပါတဲ့ အနတ္တတရား၊မတင့်တယ်တဲ့ အသုဘတရားတွေ
သာဖြစ်ကြတယ်။ မောဟက ဒီ အမှန်သဘောတွေကို ဖုံးကွယ်ထားပြီး ပြောင်းပြန်အမှားသဘောတို့ကို
သိမြင်စေတဲ့ အတွက် တဏှာလောဘက ကာမဂုဏ်အာရုံတွေကို တပ်မက်တွယ်တာခြင်း ဖြစ်တယ်။
၁၀။ ကာမတရားတို့ဟာ (၁) အမဲရိုး၊ (၂)အသားတစ်၊(၃)မြက်မီးရှူးတိုင်၊(၄)မီးကျီးခဲတွင်း၊(၅)အိပ်မက်၊
(၆)အငှားပစ္စည်း၊(၇)အသီးပြည့်တဲ့အပင် အသီးသီးနဲ့ ပမာတူကြတယ်။ အနှစ်သာရ ကင်းပြီး ဆင်းရဲပင်
ပန်းခြင်းကိုသာ ဖြစ်ပေါ်စေပါတယ်။


၁၁။ ကာမဂုဏ်အာရုံတို့မှာ လိုချင်တက်မက်မှုမဖြစ်အောင် ဆုံးမခြင်း၊ လိုချင်တက်မက်မှုကို ပယ်ဖျက်ခြင်း
ဟာ ကာမဂုဏ်တို့မှ ထွက်မြောက်ရာ ဖြစ်တယ်။ ကာမဂုဏ်တို့မှ ထွက်မြောက်နိုင်မှာသာလျှင် ဘဝချမ်း
သာစေကို ရနိုင်မယ်။
၁၂။ ရုပ်နိုင်တို့ရဲ့ အစုအဝေးများဖြစ်ကြတဲ့ သက်ရှိ၊ သက်မဲ့ အရာအားလုံးဟာ ဆင်းရဲခြင်းအမှန်တရား-ဒုက္ခ
သစ္စာဖြစ်တယ်။ ဆင်းရဲခြင်းကို ဖြစ်စေတဲ့အကြောင်းရင်း အမှန်တရား-သမုဒယသစ္စာက တဏှာ
လောဘဖြစ်တယ်။
၁၃။ တဏှာလောဘနဲ့တကွ ကိလေသာတရားအားလုံးဟာ ဆင်းရဲပင်ပန်းခြင်းကို ဖြစ်ပေါ်စေကြတဲ့အတွက်
ဒီကိလေသာတရားတို့ကို ပယ်သတ်ရေးသည်သာ ဘဝချမ်းသာရေး အစစ်အမှန်ဖြစ်ပေတယ်။ ကာမ
ဂုဏ်ချမ်းသာခံစားခြင်းဟာ ကိလေသာ ပွားစည်းရေးဖြစ်လို့ ဘဝဆင်းရဲရေး လမ်းစဉ်ဖြစ်တယ်။
၁၄။ ဘဝချမ်းသာရေး အစစ်အမှန်ကိုလိုချင်ရင် သူတော်ကောင်းကိုဆည်းကပ်၊သူတော်ကောင်းတရားကို
နားကြားလေ့လာ၊ နိဗ္ဗာန်နဲ့ ဆီလျှော်တဲ့ တရားအကျင့်ကို ကျင့်သုံးရမယ်။ ဒါန၊ သီလ၊ ဘဝနာတို့ကို
အဆင့်ဆင့်တိုးမြင့်ပြီး ကျင့်သုံးရမယ်။
၁၅။ သမထ-ဝိပဿနာဘဝနာ ရှုပွားလို့ ရုပ်တရား နာမ်တရားအကြောင်းတရား၊အကျိုးတရားတို့ရဲ့ အနိစ္စ၊
ဒုက္ခ၊ အနတ္တ၊ အသုဘသဘောမှန်တို့ကို ထင်ထင်ရှားရှားထိုးထွင်းသိမြင်လာတဲ့အခါ မောဟမျက်နှာဖုံး
ကွာကျပြီး သစ္စာလေးပါး ပေါ်လွင်ထင်ရှားလာလို့ အမြင့်မြတ်ဆုံးဘဝချမ်းသာဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကို
ကိုယ်တိုင်ကိုယ်ကျ မျက်မှောက်ပြုရပါတော့တယ်။
ဒေါက်တာမင်းတင်မွန်ရဲ့ ဘဝချမ်းသာရေး စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

ဆက်လက်ဖတ်ရှူရန်...

အဆိုးဆုံးအခြေအနေကို လက်ခံပါ


သင် ဘယ်ခြေအနေမှာ ဆိုက်ရောက်နေသလဲ။ နောက်ထပ် ပိုဆိုးစရာ ရှိသေးလား ။ အဆိုးဆုံးအခြေ အနေကို စဉ်းစားပြီး ဒါထက် ငါပိုမဆိုးနိုင်တော့ဘူး လို့ ဆုံးဖြတ်ပါ။ ပြီးရင် အဲဒီအဆိုးဆုံးအခြေအနေက နာလန်ထူနိုင်အောင် နည်းအမျိုးမျိုးဖြင့် စဉ်းစားပါ။ လက်တွေ့ လုပ်နိုင်တဲ့ နည်းတစ်ခုကို စ လုပ်ပါ။

အမေရိကန်စိတ်ပညာ ပါမောက္ခ "ဝီလျံဂျိမ်းစ်" က ဖြစ်သမျှကို လက်ခံပါ ၊ ဒါမှ လောကမှာရှိတဲ့ ဆင်းရဲ
ဒုက္ခအပေါင်းကို ကျော်လွန်အောင် ကြိုးပမ်းနိုင်လိမ့်မယ် လို့ မိတ်ဆိုခဲ့တယ်။
တရုတ်စာရေးဆရာ "လင်ယူတန်" ကလည်း ဒီလိုမှတ်သားစရာ သြဝါဒကို ပေးခဲ့တယ်။
" စိတ်ချမ်းသာမှုအစစ်ဟာ အဆိုးဆုံးအဖြစ်ကို လက်ခံရာမှ ထွက်ပေါ်လာတယ် ၊စိတ်ပညာအရ ထိုသို့အဆိုး
ဆုံးအခြေအနေကို လက်ခံခြင်းဟာ စိတ်ဓါတ်အင်အားကို ဖွင့်ထုတ်ပေးခြင်း ဖြစ်တယ်" ။
အမေရိကန်ပြည်ထောင်စုက "ဟင်နီ"ဆိုသူဟာ ဝမ်းတွင်းသက်တန့်ရောဂါ ဖြစ်ခဲ့တယ်။ သူကို ကုသကြတဲ့
ဆရာဝန်များက လက်လျော့ပြီး သူ့အား သေတမ်းစာရေးတော့လို့ အကြံပေးတယ်။
သူကလည်း သေတမ်းစာရေးတယ်။ ခေါင်းဝယ်တယ်။ ပြီးတော့" ငါသေရမှာထက် ပိုဆိုးတာဘာမှ မရှိဘူး။
သေချိန်တန်ရင်သေမှာပဲ၊ သေတာကို တွေးနေရင် ကျန်နေတဲ့ ငါအသက်ဟာ ထမင်းလုံးတစ္ဆေခြောင်တဲ့နေ့
ရက်တွေဖြစ်နေလိမ့်မယ် ၊အဲဒီတော့ သေတာကို မေ့ထားပြီး ငါကမ္ဘာတစ်ပတ် ပတ်မယ် " အဲဒီလို ဆင်ခြင်ပြီး
သူခရီးထွက်တယ် ။ တစ်နိုင်ငံပြီး တစ်နိုင်ငံ လည်ပတ်ပြီး လူမျိုးအသီးသီးရဲ့ ဓလေ့ထုံးစံ ၊အနုပညာ၊ယဉ်ကျေး
မှု၊အဆောင်အအုံ စတာတွေကို လေ့လာတယ်။ ဒီလေ့လာမှုတွေမှာ သူစိတ်ဝင်စားနေလို့ သေရမှာကို သူလုံး
လုံးမေ့နေတယ် ။ သူအိမ်ပြန်ရောက်တော့ ခေါင်းကို ပြန်ရောင်းလိုက်ရတယ်။
တစ်ခါက "အက်ဒီရက်ကင်ဘက်ကာ" ဟာ သင်္ဘောပျက်လို့ ပစိဖိတ်သမုဒ္ဒရာထဲမှာ ၁၂ ရက်ကြာအောင် ရာဘာဖောင်တစ်ခုနဲ့ မျောနေခဲ့တယ် ။သူကိုဆယ်ကြတဲ့လူတွေကသူဘာသင်ခန်းစာရခဲ့သလဲလို့မေးတော့....
"ရေသောက်ချင်ရင် ဝဝသောက်နိုင်ပြီး စားချင်ရင် ဝဝစားနိုင်တဲ့ ဘဝကို ပြန်ရနေတော့မှ လောကမှာ ကျွန်ုပ်
ဘာမှပူပင်စရာ မရှိတော့ဘူး" လို့ ပြန်ဖြေတယ် ။
"ဟာရိုအဲတော့ " အမည်ရှိတဲ့ အမေရိကန်တစ်ဦးက ကုန်စုံဆိုင်တစ်ခုဖွင့်တယ် ၊ အဆင်မပြေတော့ အရင်း
အနီးပါပြုတ်သွားတယ် ။ ဘဏ်မှာ ငွေချေးဖို့အတွက် စိတ်လေးခြေလေးနဲ့ ခေါင်းငိုက်စိုက်ချပြီး သူလမ်း
လျှောက်နေတယ် ။ထိုအခိုက် ခြေနှစ်ဖက်လုံး ပြတ်နေတဲ့ လူတစ်ယောက်က စကိတ်ဘီးတပ်ထားတဲ့ တွန်း
လှည်းကလေးကို စီးပြီး သူ့အနီးကို ရောက်လာကာ နုတ်ဆက်လိုက်တယ်......
"it is a fine day " .
"အင်မတန် သာယာတဲ့ နေ့ပဲနော် "
ဟာရိုအဲတော့ ဖျက်ခနဲ သတိရသွားတယ်။ "ခြေပြတ်နေတဲ့ လူကတောင်မှ ဘဝကို ပြုံးပြုံးရွှင်ရွှင်နဲ့ ရင်ဆိုင်ဝံ့
ရင် ခြေလက် အင်္ဂါ စုံနေတဲ့ ငါက ဘာကြောင့် ပြုံးပြုံးရွှင်ရွင် ရင်မဆိုင်နိုင်ရမှာလဲ "
ဒီလို သူ့အမှားကို မြင်လိုက်တာနဲ့ တစ်ပြိုင်တည်း စိတ်ပျက်တာ ၊ စိတ်အားငယ်တာတွေ ပျောက်သွားပြီး စိတ်
အားတက်လာတယ် ။ ဘဏ်မှာ ချေးယူဖို့ ရည်၇ွယ်ထားတဲ့ ငွေထက် ၂ ဆတိုးပြီး ချေးယူတယ်။ သူလုပ်ငန်း
က အမှားတွေကို ပြုပြင်ပြီး တဖန်ထပ်လုပ်တယ်။ အောင်မြင်သွားပါတယ်။ ဒီလိုပါပဲ ဘယ်သူပဲ ဖြစ်ဖြစ်
အလုပ်တစ်ခုကို အဆက်မပြတ် အမှားတွေကိုဆင်စဉ်ပြီးတော့ အဆက်မပြတ် ဆောင်ရွက်နေပါက အောင်မြင်သောသူ မုချဧကန်ဖြစ်ပါလိမ့်မယ် ။ ကြိုးစားချင်စိတ်ရှိဖို့သာ အဓိကပါ ။ နာမည်ကျော် ပညာရှင်
အများစုမှာလည်း ထိုအခက်အခဲများစွာကို ကျော်ဖြတ်ပြီးမှ အောင်မြင်လာကြခြင်းသာဖြစ်ပါတယ်။




အကောင်းဘက်ကိုကြည့်ပါ ...

ရွှေဒင်္ဂါး တစ်ပြားမှာ ခေါင်းပုံက တစ်ဖက်၊ ပန်းပုံကတစ်ဖက် ရှိနေတတ်သလိုပါပဲ အရေးကိစ္စတိုင်းမှာလည်း အကောင်းနဲ့ အဆိုး ဒွန်တွဲနေတတ်ပါတယ် ။
အချို့လူတွေက အကောင်းဘက်ချည်း ကြည့်တတ်ပါတယ်။ ဒီလို လူမျိုးကို အကောင်းမြင်သူ(optimist)လို့ ခေါ်ပြီး "အကောင်းမြင်ဝါဒ" ကို (optimism) လို့ခေါ်တယ်။
အချို့လူတွေက အဆိုးဘက်ကိုချည်း ကြည့်တတ်တယ် ။ ဒီလို လူမျိုးကို အဆိုးမြင်သူ(pessimist) လို့ခေါ်
ပြီး "အဆိုးမြင်ဝါဒ" ကို (pessimism) လို့ခေါ်တယ်။
အဆိုးမြင်သူုထက် အကောင်းမြင်သူက လတ်တလောမှာ ပိုစိတ်ချမ်းသာတယ်။ အဆိုးမြင်သူက သူတစ်ပါးကို
စိတ်ဆင်းရဲစေပြီး အကောင်းမြင်သူက သူတစ်ပါးကို စိတ်ချမ်းသာစေပါတယ်။ ဒါကြောင့် အကောင်းဘက်ကို မြင်အောင်ကြည့်ပါလို့ အနောက်တိုင်း ပညာရှင်တို့က အကြံပြုကြတယ်။
"အမေရိကန်လေတပ်မှူး " တစ်ဦးဟာ လက်ထပ်ပြီးခါစ မှာ နယူးမက်ဆီကို သဲကန္တာ လေတပ်စခန်းမှာ တာဝန်ကျလို့ ဇနီးချောချော တယ်လ်မာသွမ်မဆင်
ကို ပါခေါ်သွားတယ် ။ သဲကန္တာရက နေ့ဘက်မှာ ၁၂၅ ဒီဂရီ ဖာရင်ဟိုက် အထိ ပူပြင်းလို့ ငရဲပြည်တမျှ ထင်မှတ်ရတယ်။
လင်ဖြစ်သူ လေတပ်မှူးက စခန်းမှာ အလုပ်နဲ့ လက် မပြတ်အောင် ဆောင်ရွင်နေရလို့ နေ့အချိန်ဟာကုန်မှန်း
မသိ ကုန်လွန်သွားပါတယ်။ ဇနီးချောက ရွက်ဖျင်တဲ့မှာ တစ်နေကုန်ပြင်းပြတဲ့  အပူဒဏ်ကို လူးလိမ့်ပြီးခံနေရ
ရှာတယ် ။ သူမအဖို့ အရှင်လတ်လတ် ငရဲကျနေသလို တစ်နေ့တာဟာ အလွန်ကုန်နိုင်ခဲ့လှပေတယ် ။
အလုပ်ရှိတဲ့ သူနဲ့ မရှိတဲ့သူ တို့ဟာ ဒီလိုပဲ ကွာခြားတတ်ပါတယ် ။ "တူနှစ်ကိုယ် တဲအိုပျက်မှာ နေရ နေရ ၊ ချစ်ခင်ကြင်နာမှုသာ အဓိက " လို့ ချစ်သူတို့ရဲ့ မျှော်မှန်းချက်ဟာ တကယ်ဆင်းရဲနဲ့ ကြုံကြိုက်လာတဲ့ အခါ ပျက်ပြယ်သွားတတ်ပါတယ်။
တယ်လ်မာသွမ်မဆင်ဟာ ရက်သတ္တနှစ်ပတ်လောက် ကြာရင်ပဲ ချစ်သူရင်ခွင်မှ ဖယ်ခွါပြီး မိဘရဲ့ အရိပ်
အာဝါသ အောက်သို့ ပြေးဝင်ခိုနားချင်လာတော့တယ်။ ဒါကြောင့် ဖခင်ဆီသို့ စာတစ်ဆောင် ရေးပြီး စစ်ကူ
တောင်းလိုက်ပါတယ်။ မိဘထံ ပြန်လာချင်တဲ့ အကြောင်းပေါ့။ ဖခင်က ရှေ့ မြင် နောက်မြင် တတ်သူတစ်ဦး
ဖြစ်လို့ သမီးဆီကို နာမည်ကျော်ကဗျာတစ်ပုဒ်က စာနှစ်ကြောင်းကို ပြန်ရေးပေးလိုက်တယ် ။
အဲဒီကမ္ဘာကျော် စာနှစ်ကြောင်းက .....
လူနှစ်ယောက်ဟာ ထောင်သံတိုင်း များကို ဖြတ်ကျော်ပြီး အပြင်သို့ လှမ်းကြည့်ကြတယ်။
တစ်ယေက်က ရွှံဗွက်တွေကိုမြင်ပြီး အခြားတစ်ယောက်က ကြယ်များကို မြင်တယ်။ ရွှံဗွက် မြင်တဲ့သူကအဆိုး
မြင်တတ်သူ ဖြစ်ပြီး ကြယ်မြင်တဲ့ ထောင်သားက အကောင်းမြင်တတ်သူ ဖြစ်ပါတယ်။
ဖခင်က ဒီစာနှစ်ကြောင်းကို ညွန်ပြလိုက်တာနဲ့ သမီးလိမ္မာက နားလည်သဘောပေါက်သွားတယ် ။ သဲကန္တာရမှာ စိတ်ကြည်နူးစရာ ရှုကွက်တွေ ဘာများရှိသလဲလို့ သူမဆန်းစစ်ကြည့်တယ် ။ ဒီသဲကန္တာရမှာ နေထိုင်ကြတဲ့ ဒေသခံလူတွေဟာ အိုးလုပ်ကြတယ်၊ ရက်ကန်းရက်ကြတယ်၊ ခရုခွံများနဲ့လည်း လည်ဆွဲတန်ဆာလှလှလေးတွေ ကို ပြုပြင်ကြတယ်။
လူဟာလူတွေနဲ့ ဆက်ဆံနေ၇မှ ပျော်ပိုက်လေ့ရှိတယ်မဟုတ်လား ။ ဒါကြောင့် ဒေသခံလူတွေထံ တယ်လ်မာ
သွားရောက်ပြီး အသိဖွဲ့တယ်။ အမေရိကန် အမျိုးသမီးတစ်ဦးက လာအသိဖွဲ့တယ်ဆိုတော့ ဒေသခံလူတွေက ဝမ်းမြောက်ဝမ်းသာ ဖော်ဖော်ရွေရွေ လက်ကမ်းကြိုဆိုကြတာပေါ့။ တယ်လ်မာ ကို သူတို့လုပ်တဲ့ အိုးတွေ ၊ အထည်တွေ ခရုလည်ဆွဲတွေကို ပေးကြတယ်။

ဒီခင်မင် ဖော်ရွေမှုက တယ်လ်မာရဲ့ နှလုံးသားကို ပီတိလွှမ်းသားစေတယ် ။ သူတို့နဲ့ ရင်းရင်းနှီးနှီး ဆက်ဆံပြီး
သူတို့ရဲ့ ဓလေ့ထုံးစံများကို တယ်လ်မာက လေ့လာတယ်။ လက်နဲ့ လုပ် မပြတ်မလပ်ဆက်စပ်သွားတော့ တယ်လ်မာပျင်းရိငြီးငွေ့ဖို့ အချိန်မရှိတော့ဘူး ။ ပြီးတော့ သဲကန္တာရက နေဝင်ဆည်းဆာဟာ သိပ်လှတာကိုး ။
ဒီအလှဆည်းဆာမှာ ချစ်သူနှစ်ဦးတို့ ရွှေလည်တွဲကြရတာ သက်ဆုံးတိုင်အောင် ဘယ်မေ့နိုင်ပါတော့မလဲ။
Every cloud has a sliver lining.
တိမ်တောင် တိမ်လိပ်တိုင်းမှာ ငွေနားပတ်ရှိပါတယ် ။
လူတိုင်း နေရာတိုင်းမှာလည်း ကောင်းကွက်တွေ ရှိပါတယ် ။ ဒီကောင်းကွက်တွေကို မြင်အောင် ရှုကြည့်ပြီး
သာယာချမ်းမြေ့တဲ့ ဘဝကို ထူထောင်နိုင်ကြပါစေ။

ဆက်လက်ဖတ်ရှူရန်...