Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts

ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲစေလို


ငါးပါးသီလသည် အလွန်အရေးကြီး၏။ ငါးပါးသီလကို စောင့်ထိန်းရုံဖြင့် ဒုစရိုက်(၁၀) ပါးကို ရှောင်ကြည်ပြီး သုစရိုက်(၁၀)ပါးကို ဖြည့်ကျင့်
ရာရောက်၏ ။ဒုစရိုက်ကိုကျုးလွန်တတ်သောအကြမ်းစားကိလေသာများ
ကိုလည်း ဖယ်ရှားချိုးနှိမ်ပြီး ဖြစ်သွားသည့် အတွက် စိတ်ကို ဖြူစင်
စေရာလည်း ရောက်၏ ။
ငါးပါးသီလ၏ ပထမ သိက္ခာပုဒ် သုံးခုဖြင့် ကာယဒုစရိုက် ၃ ပါးကို ရှောင်ကြည်၏ ။ စတုတ္ထသိက္ခာပုဒ်ဖြင့် မုသာဝါဒနှင့်တကွဝစီဒုစရိုက်၎ပါးစလုံးကိုရှောင်ကြည်ရ၏။သူတစ်ပါး၏အသက်ကိုမသတ်ဘူးဟုဆုံးဖြတ်ထား
သူသည် သတ်ရန်ကြံစည်ခြင်းကိုလည်း ပြုလုပ်တော့မည်
မဟုတ်တော့ချေ။ ထို့ကြောင့် ဗျာပါဒကို ရှောင်ရှားပြီးသား ဖြစ်သွား၏.
ထို့အပြင် သူ့ဥစ္စာကိုမတရားသောနည်းများဖြင့်မရယူပါဘူးဟုဆုံးဖြတ်ထားသူသည်ခိုးဝှက်တိုက်ခိုက်ယူရန်
ကိုလည်း ကြံစည်တော့မည်
မဟုတ်ချေ။ သို့အတွက် အဘိဇ္ဇျာကိုလည်း ရှောင်ကြဉ်ပြီး ဖြစ်တော့၏ ။
တစ်ဖန်ငါးပါးသီလကိုရိုသေလေးမြတ်စွာစောင့်ထိန်းသူသည်ကံကံ၏အကျိုးကိုယုံကြည်၍စောင့်ထိန်းခြင်းဖြစ်
်သည်။ သို့အတွက်
ကံ-ကံ၏ အကျိုးရှိသည်ကို မယုံကြည်သော မိစ္ဆာဒိဠိကိုလည်း ရှောင်ကြည်ရာ ရောက်၏ ။
ငါးပါးသီလ စောင့်ထိန်းခြင်းသည် ဘုရားရှင်အဆူဆူတို့၏ အဆုံးအမနှင့် အညီနေထိုင်ခြင်းဖြစ်သည်။ ဒုစရိုက် (၁၀)ပါးကို ရှောင်ကြည်နိုင်လျှင် ကုသိုလ်ရ၍ ၊ ကုသိုလ်ကံများမှ တဆင့် ကောင်းကျိုးချမ်းသာ များစွာကိုလည်း ရရှိမည်ဖြစ်သည်။
ငါးပါးသီလမလုံခြုံလျှင် ဒုစရိုက်ကို ကျုးလွန်ရာ ရောက်သဖြင့် အကုသိုလ်ကံများဖြစ်ပွားကာ အပါယ်သို့ ကျရောက်သွားလိမ့်မည်။
အပါယ်ကျသွားသောသူသည် လူ့ဘဝသို့ ပြန်လည်ရရှိရန်မှာ အလွန်အလွန်ခဲယဉ်းပါသည်။ ဗြဟ္မာပြည်မှ အပ်တစ်စင်းကို ပစ်ချရာတွင်လူ့ပြည်မှာ ထောင်ထားသည့် အပ်တစ်စင်းကို အပ်သွားချင်းထိတိုက်ရန်မှာ လွယ်ကူချေသေး၏။ လူ့ဘဝပြန်လည်ရရှိရန်မှာ ထို့ထက် ခဲယဉ်သေးသည်။ ထို့အပြင် သီလစောင့်ထိန်း
သူသည် သူ့အသက်ကို သတ်ဖို့အခွင့်ကြုံလျှင် မသတ်ဘဲ ရှောင်ကြည်လိုက်သည့် အတွက် သူ့အသက်

ကို ပေးလှူရာရောက်၏။သူ့ဥစ္စာကိုခိုးယူဖို့ကြုံသောအခါ၌လည်းမခိုးမယူသည့်အတွက်သူနှစ်သက်မြတ်နိုးသော သူ့ဥစ္စာကို ပေးလှူရာရောက်၏ ။ သူတစ်ပါး၏ သား၊ မယားကို လွန်ကျုးဖို့ အခွင့်ကြုံလာသည့်အခါ၌လည်း မလွန်ကျုးဘဲရှောင်ကြည်သဖြင့် သူတစ်ပါးတို့ကို စိတ်ပူပင် သောကကင်းစေပြီး ငြိမ်းချမ်းစွာနေထိုင်ရန် အကျိုးဆောင်ပေးရာ ရောက်သည်။ သူတစ်ပါးတို့အား ထိခိုက်နစ်နာစေမည့် မမှန်
မကန်သောစကား ၊ ကုန်ချောသည့်စကား၊ ကြမ်းတမ်းသည့်စကား၊ အကျိုးမရှိသောစကား များကို မပြောမဆိုသည့်အတွက်လည်း လူ လူ ချင်း ဆက်ဆံရာတွင် ယုံမှားသံသယ ကင်းရှင်းပြီး ယုံကြည်စိတ်ချစွာ ဆက်ဆံနိုင်စေသည်။ လူအပေါင်းတို့က သစ္စာမြေပေါ်တွင် ရပ်တည်နေကြလျှင် ရာသီဥတုမှန်ကန်၍ အသီးအနှံများ ပေါများကာ အဆီအနှစ် သြဇာတို့နှင့် ပြည့်စုံကြမည်။ ထို့အပြင် သေရည်အရက် မူးယစ်ဆေးဝါးတို့ကို သောက်စားသုံးဆောင်ခြင်းမှ ရှောင်ရှားကြသည့်အတွက် မှောက်မှောက်မှားမှား ပြုမူဆက်ဆံခြင်းမျိုးလည်း မရှိဘဲအနာရောဂါ ကင်းရှင်းကြလိမ့်မည်။

အပရိမာနာနံ သတ္တာနံ အဘယံဒေတိ
အဝေရံဒေတိ အဗျာပဇ္ဇံဒေတိ ။
" ငါးပါးသီလကို စောင့်ထိန်းခြင်းသည် အတိုင်းမသိ အရေအတွက် ရှိသော သတ္တဝါတို့အား ဘေးမရှိခြင်းကို ပေးလှုရာရောက်၏ ။
ရန်မရှိခြင်းကို ဆောင်ကျဉ်းပေးရာရောက်၏ ။ စိုးရိမ်ကြောင့်ကြမှု မရှိအောင် အကျိုးဆောင်ပေးရာ ရောက်၏ ။"
ထို့ကြောင့် ငါးပါးသီလကို "မဟာဒါန" ဟုခေါ်သည်။
ဤသို့ ငါးပါးသီလကို စောင့်ထိန်းလျှင် လွန်စွာအကျိုးရှိပြီး ၊ မစောင့်ထိန်းလျှင် လွန်စွာအကျိုးယုတ်သည့်အတွက် ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာ စောင့်ထိန်းအပ်သော "နိစ္စသီလ" ဟုခေါ်သည် ။ အလေးဂရုပြုအပ်သော ကိုယ်ကျင့်တရား ဖြစ်၍ "ဂရုဓမ္မသီလ" ဟုခေါ်၏ ။
အရိယာသူတော်ကောင်းတို့ အသက်တမျှ ချစ်မြတ်နိုးကြသော သီလဖြစ်၍ "အရိယာကန္တာ သီလ" ဟုလည်းခေါ်ဆို၏ ။ ငါးပါးသီလမလုံခြုံလျှင် ပုဆိုးကျွတ်သွားသည်နှင့်တူသဖြင့် ရှက်စရာ ကောင်းသည်။ ငါးပါးသီလကို အလေးမမူဘဲ လုံးဝမစောင့်ထိန်းလျှင်လုံးဝ အဝတ်မရှိကြသော တိရိစ္ဆာန် များနှင့် တူသွားပေလိမ့်မည်။
"မြတ်စွာဘုရားရဲ့ အခြေခံအကျဆုံး ကျင့်စဉ်ဖြစ်တဲ့ ငါးပါးသီလကို ဒါယကာ ဒါယကာမ တို့ လုံခြုံအောင် စောင့်ထိန်းဖို့ မဟောကြားဘဲ အထက်အထက် တရားတော်ကို ဟောကြားမယ်ဆိုရင် ပုဆိုးမရှိ တဲ့ အမျိုးသားကို တိုက်ပုံအင်္ကျီဝတ်ပေးပြီး ခေါင်းပေါင်း ပေါင်းပေးရာ ရောက်တယ် ၊ ထဘီမရှိတဲ့ အမျိုးသမီးကို မျက်နှာအလှချယ်သပြီး ပန်းပန်ပေးရာ ရောက်တယ် " ဟု အမိန့်ရှိတော်မူတယ် ။
သို့ဖြစ်၍ ဗုဒ္ဓဘာသာဝင် မိမိတို့ အားလုံးတို့သည် အလှပဆုံး အဆင်တန်ဆာဖြစ်သည့် ငါးပါးသီလကို နှစ်သက်မြတ်နိုးစွာ ထာဝစဉ် ဝတ်ဆင်ကြရန် အထူးလိုအပ်ပါသည်။

ဆက်လက်ဖတ်ရှူရန်...

သီလ၏ အကျိုးကျေးဇူးများ


သီလစောင့်ထိန်းခြင်း၏ အကျိုးကျေးဇူးတို့သည် အလွန်များပြားလှပေ၏ ။

၁။ "အနန္ဒာ.....အပြစ်ကင်း၍ ကောင်းမြတ်သော သီလအကျင့်တို့သည် စိတ်နှလုံးသာယာချမ်းမြေ့ခြင်း အကျိုး၊ စိတ်နှလုံးချမ်းသာ အေးမြခြင်း အာနိသင်ရှိကုန်၏။ " ဟု အရှင်အာနန္ဒအား မြတ်စွာဘုရား မိန်းကြားတော်မူ၏ ။

၂။ " အို- သူကြွယ်တို့ - ဤလောက၌ သီလနှင့် ပြည့်စုံသောသူ၏ အကျိုးတို့သည် ဤ ၅-ပါးတို့တည်း" ဟူ၍ အောက်ပါ အကျိုး ၅-ပါးကို မြတ်စွာဘုရား ဟောကြားတော်မူ၏။
(၁) သီလနှင့် ပြည့်စုံသူသည် မမေ့မလျော့သည့် အကြောင်းကြောင့် ကြီးစွာသော စည်းစိမ်ဥစ္စာကိုရ၏။
(၂) သီလနှင့် ပြည့်စုံသူ၏ ကောင်းသော ကျော်စောသတင်းသည် ထက်ဝန်းကျင်သို့ ပြန့်နှံ့၏။
(၃) သီလနှင့် ပြည့်စုံသူသည် မင်းပရိသတ်သို့ဖြစ်စေ ၊ သူကြွယ်ပုရိသတ်သို့ ဖြစ်စေ၊ ရဟန်းပရိသတ်တို့ ဖြစ်စေ ချဉ်းကပ်ဝင်ေ၇ာက်လျှင် မကြောက်မရွံ့ ရဲရဲရင့်ရင့် ကျက်သရေရှိသည့် ရွှင်လန်းသော မျက်နှာဖြင့် ချဉ်းကပ်ရ၏ ။
(၄) သီလနှင့် ပြည့်စုံသူသည် မိမိပြုခဲ့သော ကောင်းမှု ကုသိုလ် တို့ကို ထင်မြင်၍ မတွေမဝေ ကြည်ကြည်လင်လင် သေရ၏ ။
(၅) သီလနှင့်ပြည့်စုံသူသည် ခန္ဓာပျက်ကြွေ၍ သေလွန်သည်ရှိသော် ကောင်းမှုပြုသူတို့ လားရောက်၇ာဖြစ်သော နတ်ပြည်လောကသို့
ဧကန်မုချ ရောက်ရ၏ ။


သီလအကျိုးပြ ကဗျာ
သီလခေါ်ဆို ကိုယ်ကျင့်ကောင်းမှ တောင်းတိုင်း တ, တိုင်း ရနိုင်တယ်
ပဒေသာပင် အိမ်မှာပေါက်သလို ကောက်ယူသုံးလို့ မကုန်နိုင်တယ် ၊
ဥစ္စာစုပုံ ကုန်မယွင်း ဂုဏ်သတင်းလည်း သင်းပျံမယ်၊
ရောက်လေရာရာ ပွဲလယ်တင့်လို့ ရဲံရင့်ရွှုင်ပျ ခင်ကြမယ် ၊
သေရသော်လည်း သတိကောင်းလို့ ဂတိပြောင်းတော့ နတ်ပြည်ဝယ် ၊
သီလကောင်းကျိုး ချက်ချင်းတိုး အားကိုးလောက်ပေတယ် ၊ အဲဒါကြောင့်
ကိုယ်ကျင့်သီလ ဒီဘဝ တည်ကြ မြဲကြမယ် ။

ဆက်လက်ဖတ်ရှူရန်...

အလှဆုံး အဆင်တန်ဆာ


သီလ လုံခြုံသူသည် စိတ်ထားဖြုစင်မြင့်မြတ်သည့်အတွက် သူ၏ အသားေ၇သည် စိုပြေဝင်းဝါ၍ မျက်နှာသည် တက်နေဝန်းပမာ
ကျက်သရေရှိလှ၏။ သီလမရှိသူသည် မည်မျှလှပအောင် ဆင်မြန်းထားသည်ဖြစ်စေ ၊ စိတ်ထားပုတ်လျှင် မျက်နှာလည်း ပုတ်သိုးသိုးဖြစ်နေမည်ဖြစ်၍ လှပတင့်တယ်မည် မဟုတ်ချေ ။ သီလမရှိသူက ရေမွေးအမျိုးမျိုးကို အသုံးပြု၍ ကိုယ်ကိုဆွတ်ဖြန်းထားလျှင်လည်းချွေးထွက်လာသည့်အခါ နံစော်သောအနံ့ကို ဖုံးကွယ်ထားနိုင်မည်မဟုတ်ချေ။ နတ်များသည် သီလ မလုံသူတို့၏ ကိုယ်ရနံ့ကို ယူဇနာတစ်ရာ၊ မိုင်(၈၀၀) ခန့် အကွာအဝေးမှပင်လျှင် နံစော်ကြသည်ဟု ဆို၏။ သီလလုံခြုံသူ၏ ကိုယ်ရနံကား နတ်တို့ ချစ်ခင် နှစ်သက်ကြ၏။
သို့အတွက် သီလသည် ပျိုပျိုအိုအို အရွယ်မရွေး ၊ လူမျိုးမရွေး၊ ဘာသာမရွှေး ဆင်မြန်းနိုင်သော အလှဆုံး အဆင်တန်ဆာဖြစ်၏။လောအောက်လေညာ ထက်ဝန်းကျင် ပျံနှံ၍ နတ်ပြည်အထိ သင်းပျံကြိုင်လှိုင်သော အမွှေးနံ့သာ လည်း ဖြစ်၏။သီလသည် အိုမင်းသည်တိုင်အောင် စိတ်ချမ်းသာ အေးမြစေပြီး ကျက်သရေ အရှိဆုံး အဆင်တန်ဆာဖြစ်ပေသတည်း။

ပန်းရနံ့သည် လောညာသို့ မသွား၊ စန္ဒကူးအနံ့ ၊ တောင်စလပ်ပန်းအနံ့ ၊ စပယ်ကြက်ရုံးပန်းအနံ့တို့သည်လည်း လေညာသို့မသွား၊ သူတော်ကောင်းတို့၏ အနံ့သည်သာ လောညာသို့ သွား၏ ။ သူတော်ကောင်တို့၏ ဂုဏ်သတင်းသည် အ၇ပ်မျက်နှာာအားလုံးသို့ ပျံနှံလှိုင်ကြူ၏ ။


စန္ဒာကူးအနံ့သည်လည်ကောင်း၊တောင်ဇလပ်ပန်းအနံ့သည်လည်ကောင်း၊မြတ်လေးပန်းအနံ့သည်လည်ကောင်းရှိ၏။ ထိုပန်းရနံ့ အမျိုးမျိုးထက် သီလ အနံ့သည်သာ အတုမရှိမြတ်၏ ။
တောင်ဇလပ် စန္ဒကူးပန်းတို့၏ အနံ့သည် မပြောပလောက်ချေ၊ အနည်းငယ်မျှသာဖြစ်၏။ သီလရှိသော သူတို့၏ သီလအနံ့သည် ကားထူးကဲလွန်မြတ်သည် ဖြစ်၍ နတ်ပြည်သို့တိုင်အောင် ကြိုင်လှိုင်၏။

ဆက်လက်ဖတ်ရှူရန်...

အမှောင်သွား အလင်းသွား


ပုဂ္ဂိုလ်လေးမျိုးကို လိုက်နာကျင့်သူနိုင်ဖို့ ဖေါ်ပြလိုပါသည်။ မိမိတို့ နေထိုင်သည့်လောကတွင်ရှိသည့် ဤဖေါ်ပြပါ ပုဂ္ဂိုလ်လေးမျိုးတွင်မိမိ ဘယ်သို့ သောပုဂ္ဂိုလ်အမျိုးစားတွင်ပါသည်ကို မိမိကိုယ်မိမိ ဆုံးဖြတ်ပါ။ ထိုလေးမျိုးကား ..


(၁)အမှောင်မှ အမှောင်သွားမည့်သူ၊
(၂)အမှောင်မှ အလင်းသွားမည့်သူ၊
(၃)အလင်းမှ အမှောင်သွားမည့်သူ၊
(၄)အလင်းမှ အလင်းသွားမည့်သူ၊

(၁) အမှောင်မှ အမှောင်သွားမည့်သူဟူသည်...

ဤလောက၌ အချို့ သူသည် အစားအသောက်အတွက်ခက်ခက်ခဲခဲရှာဖွေ၍ ဆင်းရဲအောက်ကျသောအမျိုး၌ဖြစ်ရ၏၊ ရုပ်အဆင်း လည်းဆိုးဝါး၏၊ ကျန်းမာရေးလည်းမကောင်းလှ၊ ဤသို့ ဖြစ်သူကို မှောင်နေသူဟုခေါ်သည်။ ထိုသူသည် ကိုယ်နှုတ်စိတ်ဖြင် မကောင်းမှုကိုပြု၏။ ကံနှင့်ကံအကျိုးကိုမယုံ၊ အတောင်းအရမ်းလာသူများကို မပေးသည့်အပြင် ဆဲလိုက်သေး၏။ ပေးနေသည်ကို တွေ့ လျှင် တားမြစ်၏။ ဤသူသည်သေလျှင် အပါယ်လေးပါးသို့ သွားရမည်ဖြစ်သောကြောင့် မှောင်နေသောယခုဘ၀မှ မှောင်သော နောက်ဘ၀သို့ သွားရမည့် အမှောင်မှ အမှောင်သွာပုဂ္ဂိုလ်ဖြစ်ရလေသည်။

(၂) အမှောင်မှ အလင်းသွားမည့်သူဟူသည်....

ဤလောက၌ အချို့ သူသည် အစားအသောက်အတွက်ခက်ခက်ခဲခဲရှာဖွေ၍ ဆင်းရဲအောက်ကျသောအမျိုး၌ဖြစ်ရ၏၊ ရုပ်အဆင်း လည်းဆိုးဝါး၏၊ ကျန်းမာရေးလည်းမကောင်းလှ၊ ဤသို့ ဖြစ်သူကို မှောင်နေသူဟုခေါ်သည်။ ထိုသို့ မှောင်နေသော်လည်း ကံနှင့်ကံ၏ အကျိုးကိုယုံကြည်၏။ နှမြောဝန်တိုခြင်းမရှိ။ ဒုစရိုက်မျာကိုရှောင်ရှား၍ သုစရိုက်များကိုပြုကျင့်၏။ ရဟန်းသံဃာများ ကိုလည်းရိုသေဆည်းကပ်၏။ တောင်းရမ်းလာသူတို့ အား ကိုယ်တိုင်လည်းပေး၏ သူတပါးပေးနေသည်ကိုလည်း ၀မ်းမြောက်၏။ ဤသူသည်သေသောအခါ ကောင်းသောဘ၀သို့ ရောက်ရမသည်သူဖြစ်သောကြောင့် အမှောင်မှ အလင်းသွားမည့်သူဖြစ်သည်။


(၃) အလင်းမှ အမှောင်သွားမည့်သူဟူသည်.....

အချို့ သူသည် ဥစ္စာစည်းစိမ်ဂုဏ်သိရ် ပြည့်ဖြိုးသော အထက်တန်း၌ ဖြစ်ရ၏။ ရုပ်အဆင်းလည်းလှ၏။ ကျန်းမာခြင်းလည်း ကောင်း၏။ ဤသို့ ပြည့်စုံနေသူကို အလင်းနေသူဟုဆိုရ၏။ ထိုသူသည် မကောင်းမှုဒုစရိုက်တို့ ကိုပြု၏။ ကံနှင့်ကံ၏အကျိုးကို မယုံကြည်။ အတောင်းရမ်းလာသူတို့ အား မပေးသည့်အပြင်ဆဲရေး၏။ သူတပါးပေးနေသည်ကိုလည်းတားမြစ်၏။ ဤသူသည် သေလျှင်အပါယ်လေးပါးသို့ သွားမည့်သူဖြစ်သောကြောင့် အလင်းမှ အမှောင်သို့ သွားမည့်သူဖြစ်ရလေသည်။

(၄) အလင်းမှအလင်းသွားမည့်သူဟူသည်....

အချို့ သူသည် ဥစ္စာစည်းစိမ်ဂုဏ်သိရ် ပြည့်ဖြိုးသော အထက်တန်း၌ ဖြစ်ရ၏။ ရုပ်အဆင်းလည်းလှ၏။ ကျန်းမာခြင်းလည်း ကောင်း၏။ ဤသို့ ပြည့်စုံနေသူကို အလင်းနေသူဟုဆိုရ၏။ ကံနှင့်ကံ၏ အကျိုးကိုယုံကြည်၏။ နှမြောဝန်တိုခြင်းမရှိ။ ဒုစရိုက်မျာကိုရှောင်ရှား၍ သုစရိုက်များကိုပြုကျင့်၏။ ရဟန်းသံဃာများ ကိုလည်းရိုသေဆည်းကပ်၏။ တောင်းရမ်းလာသူတို့ အား ကိုယ်တိုင်လည်းပေး၏ သူတပါးပေးနေသည်ကိုလည်း ၀မ်းမြောက်၏။ ဤသူသည်သေသောအခါ ကောင်းသောဘ၀သို့ ရောက်ရမသည်သူဖြစ်သောကြောင့် အလင်းမှအလင်းသို့ သွားမည့်သူဖြစ်သည်။

ဆက်လက်ဖတ်ရှူရန်...

မြတ်ဗုဒ္ဓရဲ့ လမ်းညွန်ချက်များ



၁။ ဘဝချမ်းသာရေးမှာ စိတ်သာပဓာန၊ စိတ်ကောင်းနေရင် ချမ်းသာမယ် ၊ စိတ်ဆိုးနေရင် ဆင်းရဲမယ် ။

၂။ စစ်ပွဲတစ်ရာ အောင်နိုင်တာထက် မိမိရဲ့ စိတ်ကို အောင်နိုင်တာက ပိုပြီး ကြီးကျယ်မြင့်မြတ်တယ်။
၃။ စိတ်ကို အောင်နိုင်တယ်ဆိုတာ စိတ်ကို ဆိုးညစ်ယုတ်ညံ့အောင် ခြယ်လှယ်နေကြတဲ့ မောဟ၊ လောဘ၊
ဒေါသ စတဲ့ ကိလေသာများကို ပယ်သတ်နိုင်ခြင်း ဖြစ်တယ်။
၎။ ကိလေသာတွေဟာ စိတ်ကို ပူလောင်ပင်ပန်းဆင်းရဲစေကြတဲ့ အတွက် ကိလေသာတွေ ယှဉ်တဲ့ အကု
သိုလ်စိတ်ဖြစ်ရင် ဆင်းရဲမယ်။ ကုသိုလ်စိတ်ဖြစ်ရင် ကောင်းမြတ်တင့်တယ်တဲ့ စေသတိတ်တွေ ယှဉ်ကြ
တဲ့ အတွက် ချမ်းသာမယ်။
၅။ "ယောနိသောမနသိကာရ" ဆိုတဲ့ သင့်တင့်လျောက်ပတ်အောင် နှလုံးသွင်းမှုရှိရင် ကုသိုလ်စိတ်တွေဖြစ်
မယ်။ မရှိရင် အကုသိုလ်စိတ်တွေ ဖြစ်မယ်။
၆။ အာဂမသုတ- အဓိဂမသုတဆိုတဲ့ ပရိယတ်-ပဋ္ဋိပတ် အသိပညာတွေဦးစီးမှ ယောနိသောမနသိကာရ
ဖြစ်အောင် နှလုံးသွင်းနိုင်ပြီး တကယ်ချမ်းသာတဲ့ ဘဝကို ထူထောင်နိုင်လိမ့်မယ်။
၇။ ကာမဂုဏ်ဆိုတာ အာရုံငါးပါးပါပဲ။ အာရုံနဲ့ ဒွါရ(မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်) တို့ ဆုံတွေ့တဲ့ အခါ
" သောမနဿသဟဂုတ် လောဘမူစိတ်" ဖြစ်လို့ နှစ်သက်ခြင်း၊ ချမ်းသာခြင်း(ပီတိ-သောမနဿ)တို့ ဖြစ်
ပေါ်လာတယ်။ ဒီနှစ်သက်ခြင်း၊ချမ်းသာခြင်းတို့ဟာ ကာမဂုဏ်ရဲ့ သာယာဖွယ် ဖြစ်တယ်။
၈။ ကာမဂုဏ်ချမ်းသာဟာ အပူလောင်ဆုံးမီးများဖြစ်ကြတဲ့ တဏှာရာဂ၊ ဒေါသ၊ မောဟ စသည်တို့ ယှဉ်စပ်
နေကြတဲ့ အတွက် ချမ်းသာအစစ်မဟုတ်ဘူး။ မိုးမျှော်ငရုတ်သီးစားရသလို၊ အနုမီးကင်သလို ပူပူလောင်
လောင်ချမ်းသာမျှသာဖြစ်တယ်။
၉။ အာရုံငါးပါးဆိုတာ ရုပ်တရားတွေပဲ။ သက်မဲ့ ရုပ်ဝတ္ထုအားလုံးနဲ့ သက်ရှိသတ္တဝါအားလုံးဟာ မမြဲတဲ့အနိစ္စ
တရား၊ ဆင်းရဲတဲ့ ဒုက္ခတရား ၊ အစိုးမရ အနှစ်မပါတဲ့ အနတ္တတရား၊မတင့်တယ်တဲ့ အသုဘတရားတွေ
သာဖြစ်ကြတယ်။ မောဟက ဒီ အမှန်သဘောတွေကို ဖုံးကွယ်ထားပြီး ပြောင်းပြန်အမှားသဘောတို့ကို
သိမြင်စေတဲ့ အတွက် တဏှာလောဘက ကာမဂုဏ်အာရုံတွေကို တပ်မက်တွယ်တာခြင်း ဖြစ်တယ်။
၁၀။ ကာမတရားတို့ဟာ (၁) အမဲရိုး၊ (၂)အသားတစ်၊(၃)မြက်မီးရှူးတိုင်၊(၄)မီးကျီးခဲတွင်း၊(၅)အိပ်မက်၊
(၆)အငှားပစ္စည်း၊(၇)အသီးပြည့်တဲ့အပင် အသီးသီးနဲ့ ပမာတူကြတယ်။ အနှစ်သာရ ကင်းပြီး ဆင်းရဲပင်
ပန်းခြင်းကိုသာ ဖြစ်ပေါ်စေပါတယ်။


၁၁။ ကာမဂုဏ်အာရုံတို့မှာ လိုချင်တက်မက်မှုမဖြစ်အောင် ဆုံးမခြင်း၊ လိုချင်တက်မက်မှုကို ပယ်ဖျက်ခြင်း
ဟာ ကာမဂုဏ်တို့မှ ထွက်မြောက်ရာ ဖြစ်တယ်။ ကာမဂုဏ်တို့မှ ထွက်မြောက်နိုင်မှာသာလျှင် ဘဝချမ်း
သာစေကို ရနိုင်မယ်။
၁၂။ ရုပ်နိုင်တို့ရဲ့ အစုအဝေးများဖြစ်ကြတဲ့ သက်ရှိ၊ သက်မဲ့ အရာအားလုံးဟာ ဆင်းရဲခြင်းအမှန်တရား-ဒုက္ခ
သစ္စာဖြစ်တယ်။ ဆင်းရဲခြင်းကို ဖြစ်စေတဲ့အကြောင်းရင်း အမှန်တရား-သမုဒယသစ္စာက တဏှာ
လောဘဖြစ်တယ်။
၁၃။ တဏှာလောဘနဲ့တကွ ကိလေသာတရားအားလုံးဟာ ဆင်းရဲပင်ပန်းခြင်းကို ဖြစ်ပေါ်စေကြတဲ့အတွက်
ဒီကိလေသာတရားတို့ကို ပယ်သတ်ရေးသည်သာ ဘဝချမ်းသာရေး အစစ်အမှန်ဖြစ်ပေတယ်။ ကာမ
ဂုဏ်ချမ်းသာခံစားခြင်းဟာ ကိလေသာ ပွားစည်းရေးဖြစ်လို့ ဘဝဆင်းရဲရေး လမ်းစဉ်ဖြစ်တယ်။
၁၄။ ဘဝချမ်းသာရေး အစစ်အမှန်ကိုလိုချင်ရင် သူတော်ကောင်းကိုဆည်းကပ်၊သူတော်ကောင်းတရားကို
နားကြားလေ့လာ၊ နိဗ္ဗာန်နဲ့ ဆီလျှော်တဲ့ တရားအကျင့်ကို ကျင့်သုံးရမယ်။ ဒါန၊ သီလ၊ ဘဝနာတို့ကို
အဆင့်ဆင့်တိုးမြင့်ပြီး ကျင့်သုံးရမယ်။
၁၅။ သမထ-ဝိပဿနာဘဝနာ ရှုပွားလို့ ရုပ်တရား နာမ်တရားအကြောင်းတရား၊အကျိုးတရားတို့ရဲ့ အနိစ္စ၊
ဒုက္ခ၊ အနတ္တ၊ အသုဘသဘောမှန်တို့ကို ထင်ထင်ရှားရှားထိုးထွင်းသိမြင်လာတဲ့အခါ မောဟမျက်နှာဖုံး
ကွာကျပြီး သစ္စာလေးပါး ပေါ်လွင်ထင်ရှားလာလို့ အမြင့်မြတ်ဆုံးဘဝချမ်းသာဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကို
ကိုယ်တိုင်ကိုယ်ကျ မျက်မှောက်ပြုရပါတော့တယ်။
ဒေါက်တာမင်းတင်မွန်ရဲ့ ဘဝချမ်းသာရေး စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

ဆက်လက်ဖတ်ရှူရန်...

အဆိုးဆုံးအခြေအနေကို လက်ခံပါ


သင် ဘယ်ခြေအနေမှာ ဆိုက်ရောက်နေသလဲ။ နောက်ထပ် ပိုဆိုးစရာ ရှိသေးလား ။ အဆိုးဆုံးအခြေ အနေကို စဉ်းစားပြီး ဒါထက် ငါပိုမဆိုးနိုင်တော့ဘူး လို့ ဆုံးဖြတ်ပါ။ ပြီးရင် အဲဒီအဆိုးဆုံးအခြေအနေက နာလန်ထူနိုင်အောင် နည်းအမျိုးမျိုးဖြင့် စဉ်းစားပါ။ လက်တွေ့ လုပ်နိုင်တဲ့ နည်းတစ်ခုကို စ လုပ်ပါ။

အမေရိကန်စိတ်ပညာ ပါမောက္ခ "ဝီလျံဂျိမ်းစ်" က ဖြစ်သမျှကို လက်ခံပါ ၊ ဒါမှ လောကမှာရှိတဲ့ ဆင်းရဲ
ဒုက္ခအပေါင်းကို ကျော်လွန်အောင် ကြိုးပမ်းနိုင်လိမ့်မယ် လို့ မိတ်ဆိုခဲ့တယ်။
တရုတ်စာရေးဆရာ "လင်ယူတန်" ကလည်း ဒီလိုမှတ်သားစရာ သြဝါဒကို ပေးခဲ့တယ်။
" စိတ်ချမ်းသာမှုအစစ်ဟာ အဆိုးဆုံးအဖြစ်ကို လက်ခံရာမှ ထွက်ပေါ်လာတယ် ၊စိတ်ပညာအရ ထိုသို့အဆိုး
ဆုံးအခြေအနေကို လက်ခံခြင်းဟာ စိတ်ဓါတ်အင်အားကို ဖွင့်ထုတ်ပေးခြင်း ဖြစ်တယ်" ။
အမေရိကန်ပြည်ထောင်စုက "ဟင်နီ"ဆိုသူဟာ ဝမ်းတွင်းသက်တန့်ရောဂါ ဖြစ်ခဲ့တယ်။ သူကို ကုသကြတဲ့
ဆရာဝန်များက လက်လျော့ပြီး သူ့အား သေတမ်းစာရေးတော့လို့ အကြံပေးတယ်။
သူကလည်း သေတမ်းစာရေးတယ်။ ခေါင်းဝယ်တယ်။ ပြီးတော့" ငါသေရမှာထက် ပိုဆိုးတာဘာမှ မရှိဘူး။
သေချိန်တန်ရင်သေမှာပဲ၊ သေတာကို တွေးနေရင် ကျန်နေတဲ့ ငါအသက်ဟာ ထမင်းလုံးတစ္ဆေခြောင်တဲ့နေ့
ရက်တွေဖြစ်နေလိမ့်မယ် ၊အဲဒီတော့ သေတာကို မေ့ထားပြီး ငါကမ္ဘာတစ်ပတ် ပတ်မယ် " အဲဒီလို ဆင်ခြင်ပြီး
သူခရီးထွက်တယ် ။ တစ်နိုင်ငံပြီး တစ်နိုင်ငံ လည်ပတ်ပြီး လူမျိုးအသီးသီးရဲ့ ဓလေ့ထုံးစံ ၊အနုပညာ၊ယဉ်ကျေး
မှု၊အဆောင်အအုံ စတာတွေကို လေ့လာတယ်။ ဒီလေ့လာမှုတွေမှာ သူစိတ်ဝင်စားနေလို့ သေရမှာကို သူလုံး
လုံးမေ့နေတယ် ။ သူအိမ်ပြန်ရောက်တော့ ခေါင်းကို ပြန်ရောင်းလိုက်ရတယ်။
တစ်ခါက "အက်ဒီရက်ကင်ဘက်ကာ" ဟာ သင်္ဘောပျက်လို့ ပစိဖိတ်သမုဒ္ဒရာထဲမှာ ၁၂ ရက်ကြာအောင် ရာဘာဖောင်တစ်ခုနဲ့ မျောနေခဲ့တယ် ။သူကိုဆယ်ကြတဲ့လူတွေကသူဘာသင်ခန်းစာရခဲ့သလဲလို့မေးတော့....
"ရေသောက်ချင်ရင် ဝဝသောက်နိုင်ပြီး စားချင်ရင် ဝဝစားနိုင်တဲ့ ဘဝကို ပြန်ရနေတော့မှ လောကမှာ ကျွန်ုပ်
ဘာမှပူပင်စရာ မရှိတော့ဘူး" လို့ ပြန်ဖြေတယ် ။
"ဟာရိုအဲတော့ " အမည်ရှိတဲ့ အမေရိကန်တစ်ဦးက ကုန်စုံဆိုင်တစ်ခုဖွင့်တယ် ၊ အဆင်မပြေတော့ အရင်း
အနီးပါပြုတ်သွားတယ် ။ ဘဏ်မှာ ငွေချေးဖို့အတွက် စိတ်လေးခြေလေးနဲ့ ခေါင်းငိုက်စိုက်ချပြီး သူလမ်း
လျှောက်နေတယ် ။ထိုအခိုက် ခြေနှစ်ဖက်လုံး ပြတ်နေတဲ့ လူတစ်ယောက်က စကိတ်ဘီးတပ်ထားတဲ့ တွန်း
လှည်းကလေးကို စီးပြီး သူ့အနီးကို ရောက်လာကာ နုတ်ဆက်လိုက်တယ်......
"it is a fine day " .
"အင်မတန် သာယာတဲ့ နေ့ပဲနော် "
ဟာရိုအဲတော့ ဖျက်ခနဲ သတိရသွားတယ်။ "ခြေပြတ်နေတဲ့ လူကတောင်မှ ဘဝကို ပြုံးပြုံးရွှင်ရွှင်နဲ့ ရင်ဆိုင်ဝံ့
ရင် ခြေလက် အင်္ဂါ စုံနေတဲ့ ငါက ဘာကြောင့် ပြုံးပြုံးရွှင်ရွင် ရင်မဆိုင်နိုင်ရမှာလဲ "
ဒီလို သူ့အမှားကို မြင်လိုက်တာနဲ့ တစ်ပြိုင်တည်း စိတ်ပျက်တာ ၊ စိတ်အားငယ်တာတွေ ပျောက်သွားပြီး စိတ်
အားတက်လာတယ် ။ ဘဏ်မှာ ချေးယူဖို့ ရည်၇ွယ်ထားတဲ့ ငွေထက် ၂ ဆတိုးပြီး ချေးယူတယ်။ သူလုပ်ငန်း
က အမှားတွေကို ပြုပြင်ပြီး တဖန်ထပ်လုပ်တယ်။ အောင်မြင်သွားပါတယ်။ ဒီလိုပါပဲ ဘယ်သူပဲ ဖြစ်ဖြစ်
အလုပ်တစ်ခုကို အဆက်မပြတ် အမှားတွေကိုဆင်စဉ်ပြီးတော့ အဆက်မပြတ် ဆောင်ရွက်နေပါက အောင်မြင်သောသူ မုချဧကန်ဖြစ်ပါလိမ့်မယ် ။ ကြိုးစားချင်စိတ်ရှိဖို့သာ အဓိကပါ ။ နာမည်ကျော် ပညာရှင်
အများစုမှာလည်း ထိုအခက်အခဲများစွာကို ကျော်ဖြတ်ပြီးမှ အောင်မြင်လာကြခြင်းသာဖြစ်ပါတယ်။




အကောင်းဘက်ကိုကြည့်ပါ ...

ရွှေဒင်္ဂါး တစ်ပြားမှာ ခေါင်းပုံက တစ်ဖက်၊ ပန်းပုံကတစ်ဖက် ရှိနေတတ်သလိုပါပဲ အရေးကိစ္စတိုင်းမှာလည်း အကောင်းနဲ့ အဆိုး ဒွန်တွဲနေတတ်ပါတယ် ။
အချို့လူတွေက အကောင်းဘက်ချည်း ကြည့်တတ်ပါတယ်။ ဒီလို လူမျိုးကို အကောင်းမြင်သူ(optimist)လို့ ခေါ်ပြီး "အကောင်းမြင်ဝါဒ" ကို (optimism) လို့ခေါ်တယ်။
အချို့လူတွေက အဆိုးဘက်ကိုချည်း ကြည့်တတ်တယ် ။ ဒီလို လူမျိုးကို အဆိုးမြင်သူ(pessimist) လို့ခေါ်
ပြီး "အဆိုးမြင်ဝါဒ" ကို (pessimism) လို့ခေါ်တယ်။
အဆိုးမြင်သူုထက် အကောင်းမြင်သူက လတ်တလောမှာ ပိုစိတ်ချမ်းသာတယ်။ အဆိုးမြင်သူက သူတစ်ပါးကို
စိတ်ဆင်းရဲစေပြီး အကောင်းမြင်သူက သူတစ်ပါးကို စိတ်ချမ်းသာစေပါတယ်။ ဒါကြောင့် အကောင်းဘက်ကို မြင်အောင်ကြည့်ပါလို့ အနောက်တိုင်း ပညာရှင်တို့က အကြံပြုကြတယ်။
"အမေရိကန်လေတပ်မှူး " တစ်ဦးဟာ လက်ထပ်ပြီးခါစ မှာ နယူးမက်ဆီကို သဲကန္တာ လေတပ်စခန်းမှာ တာဝန်ကျလို့ ဇနီးချောချော တယ်လ်မာသွမ်မဆင်
ကို ပါခေါ်သွားတယ် ။ သဲကန္တာရက နေ့ဘက်မှာ ၁၂၅ ဒီဂရီ ဖာရင်ဟိုက် အထိ ပူပြင်းလို့ ငရဲပြည်တမျှ ထင်မှတ်ရတယ်။
လင်ဖြစ်သူ လေတပ်မှူးက စခန်းမှာ အလုပ်နဲ့ လက် မပြတ်အောင် ဆောင်ရွင်နေရလို့ နေ့အချိန်ဟာကုန်မှန်း
မသိ ကုန်လွန်သွားပါတယ်။ ဇနီးချောက ရွက်ဖျင်တဲ့မှာ တစ်နေကုန်ပြင်းပြတဲ့  အပူဒဏ်ကို လူးလိမ့်ပြီးခံနေရ
ရှာတယ် ။ သူမအဖို့ အရှင်လတ်လတ် ငရဲကျနေသလို တစ်နေ့တာဟာ အလွန်ကုန်နိုင်ခဲ့လှပေတယ် ။
အလုပ်ရှိတဲ့ သူနဲ့ မရှိတဲ့သူ တို့ဟာ ဒီလိုပဲ ကွာခြားတတ်ပါတယ် ။ "တူနှစ်ကိုယ် တဲအိုပျက်မှာ နေရ နေရ ၊ ချစ်ခင်ကြင်နာမှုသာ အဓိက " လို့ ချစ်သူတို့ရဲ့ မျှော်မှန်းချက်ဟာ တကယ်ဆင်းရဲနဲ့ ကြုံကြိုက်လာတဲ့ အခါ ပျက်ပြယ်သွားတတ်ပါတယ်။
တယ်လ်မာသွမ်မဆင်ဟာ ရက်သတ္တနှစ်ပတ်လောက် ကြာရင်ပဲ ချစ်သူရင်ခွင်မှ ဖယ်ခွါပြီး မိဘရဲ့ အရိပ်
အာဝါသ အောက်သို့ ပြေးဝင်ခိုနားချင်လာတော့တယ်။ ဒါကြောင့် ဖခင်ဆီသို့ စာတစ်ဆောင် ရေးပြီး စစ်ကူ
တောင်းလိုက်ပါတယ်။ မိဘထံ ပြန်လာချင်တဲ့ အကြောင်းပေါ့။ ဖခင်က ရှေ့ မြင် နောက်မြင် တတ်သူတစ်ဦး
ဖြစ်လို့ သမီးဆီကို နာမည်ကျော်ကဗျာတစ်ပုဒ်က စာနှစ်ကြောင်းကို ပြန်ရေးပေးလိုက်တယ် ။
အဲဒီကမ္ဘာကျော် စာနှစ်ကြောင်းက .....
လူနှစ်ယောက်ဟာ ထောင်သံတိုင်း များကို ဖြတ်ကျော်ပြီး အပြင်သို့ လှမ်းကြည့်ကြတယ်။
တစ်ယေက်က ရွှံဗွက်တွေကိုမြင်ပြီး အခြားတစ်ယောက်က ကြယ်များကို မြင်တယ်။ ရွှံဗွက် မြင်တဲ့သူကအဆိုး
မြင်တတ်သူ ဖြစ်ပြီး ကြယ်မြင်တဲ့ ထောင်သားက အကောင်းမြင်တတ်သူ ဖြစ်ပါတယ်။
ဖခင်က ဒီစာနှစ်ကြောင်းကို ညွန်ပြလိုက်တာနဲ့ သမီးလိမ္မာက နားလည်သဘောပေါက်သွားတယ် ။ သဲကန္တာရမှာ စိတ်ကြည်နူးစရာ ရှုကွက်တွေ ဘာများရှိသလဲလို့ သူမဆန်းစစ်ကြည့်တယ် ။ ဒီသဲကန္တာရမှာ နေထိုင်ကြတဲ့ ဒေသခံလူတွေဟာ အိုးလုပ်ကြတယ်၊ ရက်ကန်းရက်ကြတယ်၊ ခရုခွံများနဲ့လည်း လည်ဆွဲတန်ဆာလှလှလေးတွေ ကို ပြုပြင်ကြတယ်။
လူဟာလူတွေနဲ့ ဆက်ဆံနေ၇မှ ပျော်ပိုက်လေ့ရှိတယ်မဟုတ်လား ။ ဒါကြောင့် ဒေသခံလူတွေထံ တယ်လ်မာ
သွားရောက်ပြီး အသိဖွဲ့တယ်။ အမေရိကန် အမျိုးသမီးတစ်ဦးက လာအသိဖွဲ့တယ်ဆိုတော့ ဒေသခံလူတွေက ဝမ်းမြောက်ဝမ်းသာ ဖော်ဖော်ရွေရွေ လက်ကမ်းကြိုဆိုကြတာပေါ့။ တယ်လ်မာ ကို သူတို့လုပ်တဲ့ အိုးတွေ ၊ အထည်တွေ ခရုလည်ဆွဲတွေကို ပေးကြတယ်။

ဒီခင်မင် ဖော်ရွေမှုက တယ်လ်မာရဲ့ နှလုံးသားကို ပီတိလွှမ်းသားစေတယ် ။ သူတို့နဲ့ ရင်းရင်းနှီးနှီး ဆက်ဆံပြီး
သူတို့ရဲ့ ဓလေ့ထုံးစံများကို တယ်လ်မာက လေ့လာတယ်။ လက်နဲ့ လုပ် မပြတ်မလပ်ဆက်စပ်သွားတော့ တယ်လ်မာပျင်းရိငြီးငွေ့ဖို့ အချိန်မရှိတော့ဘူး ။ ပြီးတော့ သဲကန္တာရက နေဝင်ဆည်းဆာဟာ သိပ်လှတာကိုး ။
ဒီအလှဆည်းဆာမှာ ချစ်သူနှစ်ဦးတို့ ရွှေလည်တွဲကြရတာ သက်ဆုံးတိုင်အောင် ဘယ်မေ့နိုင်ပါတော့မလဲ။
Every cloud has a sliver lining.
တိမ်တောင် တိမ်လိပ်တိုင်းမှာ ငွေနားပတ်ရှိပါတယ် ။
လူတိုင်း နေရာတိုင်းမှာလည်း ကောင်းကွက်တွေ ရှိပါတယ် ။ ဒီကောင်းကွက်တွေကို မြင်အောင် ရှုကြည့်ပြီး
သာယာချမ်းမြေ့တဲ့ ဘဝကို ထူထောင်နိုင်ကြပါစေ။

ဆက်လက်ဖတ်ရှူရန်...

ကိုယ်နှင့်စာ၍ ကြင်နာကြစေ သူ့အသက်ကို ချစ်ပါလေ…


ပါဏာတိပါတ-သူ့အသက်ကို သတ်ခြင်းဟုအနက်ရှိ၏။ သူတစ်ပါးတို့၏ အသက် ကို သတ်ဖြတ်လေ့ရှိသောပုဂ္ဂိုလ်သည် ဒေါသကြီးသူ၊ မေတ္တာတရားခေါင်းပါးသူ၊ ကြင်နာ မှုမရှိသူ၊ ညှာတာမှုကင်းမဲ့သူတို့ပင် ဖြစ်သည်။ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ပါ ၏ဟူ၍ သီလဆောက်တည်ထားသူသည် အသက်ရှိသော မည်သည့်သတ္တ၀ါပင်ဖြစ်စေ သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ရမည်ဖြစ်၏။ မှက်၊ ခြင်၊ ယင် စသော သေးငယ်သော သတ္တ၀ါတို့ပင်ဖြစ်စေ မသတ်အပ်ပေ။ မတော်တဆနင်းမိခြင်းကို မဆိုလိုပေ။ သေစေ လိုသော စိတ်ဖြင့်သတ်လျှင်ကား ပါဏာတိပါတသိက္ခာပုဒ်ကို ကျူးလွန်သည်မည်၏။


အပြစ်အကြီးအသေးမှာ အသတ်ခံရသောသတ္တ၀ါ၏ ခန္ဓာကိုယ်ပမာဏနှင့် ဂုဏ် အပေါ်မူတည်ပြီးကွာခြား၏။ လုံ့လစိုက်ထုတ်မှု၊ စိတ်စေတနာအပေါ် မူတည်၍လည်း ကွာခြား၏။ ခန္ဓာကိုယ်ငယ်လျှင် သတ်ဖြတ်ရာ၌ အားစိုက်မှုနည်းသောကြောင့်လည်း ကောင်း၊ ဂုဏ်မရှိလျှင် သူ၏ဂုဏ်သိက္ခာကို များစွာဖျက်ဆီးရာ မရောက်သောကြောင့် လည်းကောင်း၊ သတ်ဖြတ်သောသူမှာ အပြစ်သက်သာ၏။ ခန္ဓာကိုယ်ကြီးလျှင် သတ် ဖြတ်ရာ၌ အားစိုက်မှုများသောကြောင့်လည်းကောင်း၊ ဂုဏ်ကြီးလျှင် သူ၏ဂုဏ်သိက္ခာ များကို ဖျက်ဆီးရာရောက်သောကြောင့်လည်းကောင်း သတ်ဖြတ်သောသူမှာ ကြီးလေး သောအပြစ်ကိုခံရမည်။

သူ့အသက်သတ်ခြင်း ကမ္မပထမြောက်စေသော အင်္ဂါ (၅) ပါးရှိသည်။ ၎င်းတို့မှာ-
(၁) သတ္တ၀ါဖြစ်ခြင်း၊
(၂) သတ္တ၀ါဟု အမှတ်ရှိခြင်း ( သိခြင်း ) ၊
(၃) သတ်လိုစိတ် (သေစေလိုစိတ်) ရခြင်း၊
(၃) သတ်ရန် (သေစေရန်) လုံ့လပြုခြင်း၊
(၅) ထို လုံ့လကြောင့်သေခြင်း တို့ဖြစ်ကြသည်။
ပါဏာတိပါတာကံ ကျူးလွန်းရာ၌ အားထုတ်မှု (ပယောဂ) ခြောက်မျိုးလည်း ရှိ သေး၏။ ၎င်းတို့မှာ-
(၁) ကိုယ်တိုင်သတ်ခြင်း၊
(၂) သူတစ်ပါးကိုသတ်ခိုင်းခြင်း၊
(၃) တစ်စုံတရာဖြင့်ပစ်ခတ်၍သတ်ခြင်း၊
(၄) လာသမျှထိခိုက်သေဆုံးစေရန် ဓား ၊ လှံ ၊ တွင်း စသည် တို့ကို အမြဲ ထောင်၍ သတ်ခြင်း၊
(၅) ဆေးဝါး မန္တရားဖြင့်သတ်ခြင်း ၊
(၆) တန်ခိုးဖြင့်သတ်ခြင်း တို့ဖြစ်ကြသည်။ ဤ ပယောဂ (၆)မျိုးမှ တစ်နည်း နည်းနှင့် သူ့အသက်ကို သေစေလိုသောစိတ်ဖြင့် သတ်ဖြတ်သောကြောင့် သေလျှင် ပါဏာ တိပါတကမ္မပထမြောက်၏။ ပါဏာတိပါတကံထိုက်သည်ဟု ဆိုလိုခြင်းဖြစ်၏။

တဖန် ပါဏာတိပါတကံ မြောက်စေနိုင်သည့် အကျုံးဝင်သောအချက်များလည်း ရှိပါသည်။ ၎င်းတို့မှာ- ညှင်းဆဲခြင်း၊ နှိပ်စက်ခြင်း၊ ရက်စက်ခြင်း၊ နာကျင်စေခြင်း၊ ကြင်နာမှုမရှိခြင်း၊ ညှာတာမှုကင်းမဲ့ခြင်းစသည့် ကာယကံအပြုအမူဆိုး အားလုံးပါဝင်ပါ သည်။ နောက်တစ်ခု မှတ်ရမှာကအစွန်း (၃) ပါးမလွတ်သော အသားကိုလည်း ရှောင် ကြဉ်ရန်လိုအပ်ပါသည်။ မိမိကိုကျွေးဘို့၊ လက်ဆောင်ပေးဘို့စသည်ဖြင့် မိမိအတွက် ရည်ရွယ်ပြီး သတ္တ၀ါတစ်ဦးအားသတ်ခြင်းကို (၁) မြင်ခြင်း၊ (၂) ကြားခြင်း၊ (၃) ယုံမှား သံသယရှိခြင်း အသားတို့ကိုလည်း ရှောင်ရပါမည်။ နောက်ပြီး ကံထိုက်ရာ၌ မိမိကိုယ် တိုင် ပြုမှသာလျှင် ကံထိုက်သည်ဟူ၍ မမှတ်ယူသင့်ပေ။ (၁) ကိုယ်တိုင်ပြုလုပ်ခြင်း၊ (၂) သူတစ်ပါးအားစေခိုင်းခြင်း၊ (၃) သူတစ်ပါးပြုမူသည်ကို ၀မ်းမြောက်ခြင်း၊ (၄) အကျိုးကို ပြောပြခြင်းစသည့် ကံထိုက်စေသောအချက်တို့ကိုလည်း မှတ်သားထားရပါမည်။ သာဓ ကတစ်ခုပြောပြရလျှင် ဗုဒ္ဓဘုရားရှင် အလောင်းတော်ဘ၀ တံငါသည်ရွာ၌ ကလေးငယ် ဘ၀မှာ တံငါသည်တို့ ငါးခေါင်းထုသည်ကိုမြင်ရာ ၀မ်းမြောက်မိခဲ့သည့်အတွက် ထိုဘ၀ မှ သေလွန်ပြီးနောက် ငရဲ၌ခံစားခဲ့ရ၏။ ခေါင်းကိုက်ဝေဒနာလည်း ဘ၀ပေါင်းများစွာ ခံစားခဲ့ရ၏။ နောက်ဆုံး ဘုရားဖြစ်သည့်အချိန်ထိအောင် ခေါင်းကိုက်ဝေဒနာကို မကြာ ခဏ ခံစားခဲ့ရခြင်းသည် ထိုဘ၀တုန်းက သူတစ်ပါးသတ်တာကို ၀မ်းမြောက်မိသော စေတနာကြောင့် ၀ိပါက်တော်ပြန်လည်ခံစားရခြင်းဖြစ်သည်ကို သတ္တ၀ါတို့အား ကြင်နာ သနားတော်မူသော မြတ်စွာဘုရားက ပြန်လည်၍ဟောကြားပေးခြင်းကို သံဝေဂယူသင့် ပေ၏။

ပါဏာတိပါတကံကို ကျူးလွန်သူတို့အတွက် အပြစ်ပေါင်းများစွာက စောင့်ကြိုနေ ၏။ ၎င်းတို့မှာ အောက်ပါအတိုင်း (၉) မျိုးရှိကြ၏။
(၁) မျက်စိ ၊ နား၊ နှာ ၊ ခြေလက်အင်္ဂါ ချွတ်ယွင်းတတ်ခြင်း၊
(၂) ဖြစ်ရာဘ၀တိုင်း၌ အရုပ်အသွင် မွဲပြာခြောက်ညှိုးပြီး စိုစိုပြည်ပြည် မရှိခြင်း၊
(၃) အားအင်ချွတ်ယွင်းခြင်း (အားနည်းခြင်း)၊
(၄) လျင်မြန်ဖျတ်လတ်ခြင်းလည်း ကင်းဝေးခြင်း၊
(၅) ဘေးရန်ပေါ်ပေါက်လျှင် ကြောက်ရွံ့တတ်ခြင်း၊
(၆) သူများအသတ်ကိုခံရတတ်ခြင်း၊ ကိုယ်ကိုယ်တိုင် အဆိပ်စသည်များ စား
လျက် သေရတတ်ခြင်း၊
(၇) အနာရောဂါ များတတ်ခြင်း၊
(၈) အချွေအရံ ပျက်ဆီးတတ်ခြင်း၊
(၉) အသက်တိုတတ်ခြင်း တို့ဖြစ်ကြ၏။
လင်္ကာဖြင့် မှတ်ပါလေ-
“ပါဏာတိပါတ်၊ သူ့သက်သတ်က၊ ချို့လပ်အင်္ဂါ၊ မွဲပြာရုပ်သွင်၊ အားအင်ချွတ်ယွင်း၊ လျင်ခြင်းလည်းဝေး၊ ဘေးကိုကြောက်တတ်၊ အသတ်ခံရ၊ အနာများလျက်၊ ခြွေရံပျက်၍၊ အသက်တိုလှ၊ ပြစ်များစွသည်…ရှောင်ကအပြန် အကျိုးတည်း။”

ထိုပြဆိုခဲ့သော အပြစ်တို့သည် ၀ဋ်လိုက်သောအနေအားဖြင့် ဖြစ်လေရာဘ၀ တိုင်း၌ ရတတ်သောအဖျားအနားအပြစ်တို့ပင်ရှိသေး၏။ ထိုအပြစ်များအပြင် ငရဲ၌ ကျ ခြင်းဟူသော ကြီးလေးသောအပြစ်များလည်း ကျန်ပါသေး၏။ တစ်ခါတုန်းက အိမ်ရှင်မ တစ်ယောက်သည် ဧည့်သည်အတွက် ချက်ပြုတ်ကျွေးရန် ဟင်းလျာမရှိသောကြောင့် အိမ်မှာရှိသောသိုးကလေးကို ချက်ပြုတ်ကျွေးမိသည့် ထိုအကုသိုလ်ကံကြောင့် သေ သောအခါ သိုးကလေး၏ အမွေးအရေအတွက်နှင့်အမျှ နှစ်ပေါင်းများစွာကြာအောင် ငရဲ၌ ခံစားခဲ့ရ၏။ ငရဲမှလွတ်သောအခါတွင်လည်း ဘ၀ပေါင်းများစွာ သူတစ်ပါး၏သတ် ခြင်းကိုခံရပြီး အကြိမ်ကြိမ်သေခဲ့ရလေ၏။
ပါဏာတိပါတ ရှောင်ကြဉ်ခြင်းကြောင့် ရရှိသောအကျိုးများမှာ-
(၁) ကိုယ်လက်အင်္ဂါ ပြည့်စုံခြင်း၊
(၂) ရုပ်ဆင်းအင်္ဂါ စိုပြည်လှပခြင်း၊
(၃) လျင်မြန်သွက်လက်ခြင်း၊
(၄) ဘေးရန်ကို မကြောက်မရွံ့ခြင်း၊
(၅) သူတစ်ပါး၏ လက်ချက်ဖြင့် အသက်မသေရခြင်း၊
(၆) အနာရောဂါကင်းခြင်း၊
(၇) အခြွေအရံ မပျက်စီးခြင်း၊
(၈) အသက်ရှည်ခြင်းစသောအကျိုးများကို ရရှိကြပေသည်။

လူတစ်ယောက်ကို ကြည့်ပြီး ရှေးကပါဏာတိပါတကံ ရှိမရှိကို သိနိုင်၏။ ဖော်ပြပါ အကျိုးအပြစ်တို့ကို ဆင်ခြင်၍လည်းကောင်း၊ သူတစ်ပါးတို့၏အသက်ကို ညှာတာ၍ လည်းကောင်း၊ ယခုဘ၀မှာ နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ရန်လည်းကောင်း ပညာရှိပုဂ္ဂိုလ် သည် သတိ၊ ပညာကို မလင့်ဟင်းစေပဲ ပါဏာတိပါတကံကို ကြိုးစားရှောင်ကြဉ်ကြပြီး သီလ၊ သမာဓိ၊ ပညာတို့ မိမိ၌ပြည့်စုံအောင် ကျင့်ကြံကြိုးကုတ်အားထုတ်ကြပါကုန်။

ဆက်လက်ဖတ်ရှူရန်...

လိမ်ညာလှည့်ဖျား သူ့စီးပွားကို မပေးငြားမူ ခိုးမယူနှင့်…


အာဒိန္နာဒါန- မပေးအပ်သော သူ့ဥစ္စာကို ခိုးယူခြင်းဟုအနက်ရှိ၏။ ထို့ကြောင့် မိမိမှတစ်ပါး အခြားသော လူ၊ နတ်၊ တိရစ္ဆာန်ဟူသမျှကို သူတစ်ပါးဟုချည်း မှတ်ရမည် ဖြစ်သည်။ သူတစ်ပါးဥစ္စာကို ခိုးယူခြင်း၊ ဓားပြတိုက်ယူခြင်း၊ ညာဖြန်းလှည့်ပတ်ယူခြင်း၊ ကူးသန်းရောင်းဝယ်ရာ၌ တင်းတောင်း၊ ချိန်ခွင်၊ အလေးစသည်ဖြင့်လည်းကောင်း၊ ရောင်းကုန်တိုးအောင် ရေထိုးခြင်းစသည်ဖြင့်လည်းကောင်း မရိုးမသားယူခြင်း ဟူသမျှ သည် အဒိန္နာဒါနချည်းဖြစ်၏။ ယုတ်စွအဆုံး သူတစ်ပါးပိုင်သော မြက်၊ ၀ါးခြမ်းမျှကိုပင် မခိုးယူကောင်းပေ။ ခိုးယူလျှင် အဒိန္နာဒါန ကျူးလွန်းသည်မည်၏။


မိမိခိုးယူသောဥစ္စာသည် တန်ဘိုးနည်းလျှင် အပြစ်နည်းပြီး တန်ဘိုးကြီးလျှင် အပြစ်ကြီး၏။ ဥစ္စာတန်ဘိုးချင်းတူနေလျှင် သီလမရှိသူ၏ဥစ္စာကို ခိုးယူခြင်းသည် အပြစ် နည်းပြီး သီလရှိသူ၏ဥစ္စာကို ခိုးယူခြင်းက ပို၍အပြစ်ကြီး၏။ ၀ိနည်းအားဖြင့် ဆိုရလျှင် ပုဂ္ဂလိကဥစ္စာထက် ဂိုဏ်းဥစ္စာက ပို၍အပြစ်ကြီး၏။ ၎င်းထက် သံဃိကဥစ္စာက ပို၍ အပြစ်ကြီး၏။ မိမိဥစ္စာကို သူတစ်ပါးဥစ္စာထင်၍ ခိုးခြင်း၊ သူတစ်ပါးဥစ္စာကို မိမိဥစ္စာထင်၍ ယူခြင်း၊ ရင်းနှီးကျွမ်းဝင်၍ ယူခြင်းတို့၌မူ အဒိန္နာဒါနကံ မထိုက်ပေ။
သူတစ်ပါးဥစ္စာကို ခိုးယူခြင်းအင်္ဂါငါးပါးရှိကြ၏။ ၎င်းတို့မှာ-
(က) သူ့ဥစ္စာဖြစ်ခြင်း၊
( ခ) သူ့ဥစ္စာဟုအမှတ်ရှိခြင်း၊
( ဂ) ခိုးယူလိုစိတ်ရှိခြင်း၊
(ဃ) ခိုးယူရန်ကြိုးစားခြင်း၊
( င) ခိုးယူခြင်းတို့ ဖြစ်ကြပါသည်။

ခိုးခြင်းအမျိုးအစား(၂၅) ပါး ရှိ၏။ ထို ပယောဂတို့ဖြင့် ခိုးခြင်းအမှုကို ကျူးလွန်နေ ကြပေသည်။ သီလ၀န္တပုဂ္ဂိုလ်ဖြစ်လိုသူသည် ထိုသို့ကျူးလွန်ခြင်း (၂၅) ပါးလုံးကို ရှောင် ကြဉ်ပြီး မိမိ၏သီလကို အပျက်မခံပဲ လုံခြုံအောင်စောင့်ထိန်းသင့်ပေသည်။ ခိုးခြင်း (၂၅) ပါးတို့မှာ-


(က) နာနာဘဏ္ဍပဉ္စက(သက်ရှိသက်မဲ့ပစ္စည်းအမျိုးမျိုးကိုနည်းငါးမျိုးဖြင့်ခိုးခြင်း)
(၁) အာဒိယန- အိမ်၊ ကျောင်း၊ ခြံမြေ၊ ကျွဲနွားစသည်တို့ကို တရားစွဲဆို၍
ခိုးခြင်း၊
(၂) ဟရဏ- သူတစ်ပါးဥစ္စာကို ဦးခေါင်းဖြင့် သယ်ဆောင်လာစဉ် ခိုးလို
စိတ်ဖြင့် ပခုံးသို့ ချ၍ခိုးခြင်း၊
(၃) အ၀ဟရဏ- သူတစ်ပါးအပ်နှံထားသည်ကို ပိုင်ရှင်ပြန်တောင်းစဉ် ငြင်းဆို၍ခိုးခြင်း၊
(၄) ဣရိယာပထ၀ိကောပန- ဘဏ္ဍာကိုဆောင်လာသူနှင့်တကွ ဥစ္စာကို
ပါခိုးအံ့ဟု ဆောင်လာသူကို ခြိမ်းခြောက်ပုတ်ခတ်၍ ဆောင်လာသူ ၏သွားလာမှုကို ဖျက်၍ခိုးခြင်း၊
(၅) ဌာနာစ၀န- ကြည်းကုန်း၌ချထားသော သူတစ်ပါးဥစ္စာကို နေရာရွေ့ ၍ခိုးခြင်း၊
(ခ) ဧကဘဏ္ဍပဉ္စက (သက်ရှိပစ္စည်းတစ်မျိုးကို နည်းငါးမျိုးဖြင့်ခိုးခြင်း)
(၁) အာဒိယန- ကျွဲနွားစသည်ကို တရားစွဲဆို၍ခိုးခြင်း၊
(၂) ဟရဏ- (နာနာဘဏ္ဍပဉ္စကနှင့်တူ၏။။)
(၃) အ၀ဟရဏ- ။
(၄) ဣရိယာပထ၀ိကောပန- ။
(၅) ဌာနာစ၀န- ။
(ဂ) သာဟတ္ထိကပဉ္စက (သက်မဲ့ပစ္စည်းကို နည်းငါးမျိုးဖြင့်ခိုးခြင်း)
(၁) သာဟတ္ထိက- ကိုယ်တိုင်ခိုးခြင်း၊
(၂) အာဏတ္တိက- သူတစ်ပါးကို ခိုးခိုင်းခြင်း၊
(၃) နိဿဂ္ဂိယ- ကင်း၊ အကောက်ခွန် ရှောင်လွဲ၍ခိုးခြင်း၊
(၄) မတ္ထသာဓက- အခွင့်သာသည့်အခါ ခိုးရန်စေခိုင်းထားခြင်း၊
(၅) ဓုရနိက္ခေပ- ပိုင်ရှင်က ငါ့ဥစ္စာဆုံးပြီဟု အောက်မေ့သည်နှင့် ခိုးမှု မြောက်ခြင်း၊
(ဃ) ပုဗ္ဗပယောဂပဉ္စက (ရှေးဦး လုံ့လပြု၍ ခိုးခြင်းငါးမျိုး)
(၁) ပုဗ္ဗပယောဂပဉ္စက- အခိုးခိုင်းစဉ်ကပင် ခိုးမှုမြောက်ခြင်း၊
(၂) သဟပယောဂ- ခြံမြေပိုင်းခြား စိုက်ထူထားသော မှတ်တိုင်စသည် ကို ပြောင်း ရွှေ့စိုက်၍ ခိုးခြင်း၊
(၃) သံဝိဒါဝဟာရ- စုပေါင်းတိုင်ပင်၍ ခိုးခြင်း၊
(၄) သင်္ကေတကမ္မ- အချိန်၊ နာရီ အချိန်းအချက်ပြု၍ ခိုးခြင်း၊
(၅) နိမိတ္တကမ္မ- မျက်စိမှိတ်ပြ၊ လက်ဟန်ခြေဟန်ပြ၍ ခိုးခြင်း၊
(င) ထေယျာဝဟာရပဉ္စက (ဖောက်ထွင်း ခိုးခြင်းငါးပါး)
(၁) ထေယျာဝဟာရ- နံရံစသည်ကို ဖောက်ထွင်း၍ တင်းတောင်း၊
အလေး၊ စာရင်းဇယားစသည်ကို လိမ်၍ခိုးခြင်း၊
(၂) ပသယှာဝဟာရ- တိုက်ခိုက်လုယက် အနိုင်အထက်ပြု၍ ခိုးခြင်း၊
(၃) ပရိကပ္ပာဝဟာရ- ဥစ္စာနှင့် ဥစ္စာထားရာ နေရာကို ကြံဆ၍ ခိုးခြင်း၊
(၄) ပဋိစ္ဆန္နာဝဟာရ- နောက်မှခိုးရန် စိတ်အကြံဖြင့် ရေဆိပ်စသည်၌
ချွတ်ချ ထား သော သူ့ဥစ္စာကို မြေ၊ မြက် စသည်ဖြင့် ဖုံးကွယ်၍ ခိုးခြင်း၊
(၅) ကုသာဝဟာရ- အနိုင်ရရန်၊ ပစ္စည်းကောင်းရရန် မဲလိပ်ကမ္ဗည်း ပြောင်းလိမ် ၍ ခိုးခြင်း တို့ဖြစ်ကြ၏။ ထိုသို့ ခိုးယူခြင်း (၂၅) မျိုးလုံး ကို ရှောင်ကြဉ်နိုင်မှသာ ကိုယ်ကျင့်သီလနှင့် ပြည့်စုံသော သီလ၀န္တ ပုဂ္ဂိုလ်ဖြစ်ပေမည်။


အာဒိန္နာဒါနကံ ကျူးလွန်မိခြင်းကြောင့် ရရှိသောအပြစ်တို့မှာ (၆) မျိုးရှိကြပါ သည်။ အာဒိန္နာဒါနကံ ကျူးလွန်ခဲ့သူတို့မှာ-
(က) ဥစ္စာပစ္စည်း မွဲတတ်ခြင်း၊
( ခ) ဆင်းရဲတတ်ခြင်း၊
( ဂ) ငတ်မွတ်ခြင်း၊
(ဃ) အလိုရှိသောအရာကို မရနိုင်ခြင်း၊
( င) ကူးသန်းရောင်းဝယ်မှု မတတ်ခြင်းကြောင့် စည်းစိမ်ပျက်စီးတတ်ခြင်း၊
( စ) ရေ၊ မီး၊ သူခိုး၊ အမွေခံ သားဆိုးသမီးဆိုး၊ မင်းဆိုး ဟူသော ရန်သူမျိုး ငါးပါး၏ ဖျက်ဆီးမှုကြောင့် ဥစ္စာပျက်ပြားရခြင်း၊ ဤ မကောင်းကျိုးများကို တွေ့ကြုံခံစားကြရပေသည်။
လင်္ကာဖြင့် မှတ်ပါလေ-
“အဒိန္နာဒါ၊ ခိုးမိပါမူ၊ ဥစ္စာနည်းမွဲ၊ ဆင်းရဲငတ်ဘိ၊ လိုရှိမရ၊ ဘောဂပျက်စီး၊ ရေ-မီး-သူခိုး၊ မွေခံဆိုးနှင့်၊ မင်းဆိုးအပြား၊ ရန်မျိုးငါးကြောင့်၊ ပျက်ပြားဥစ္စာ၊ ပြစ်များစွာ သည်၊ ရှောင်ကာအပြန် အကျိုးတည်း။”

ဤ ပြဆိုခဲ့သော အပြစ်တို့မှာ ဖြစ်လေရာဘ၀တိုင်း၌ ၀ဋ်လိုက်သည့်အနေအား ဖြင့် ရတတ်သောအပြစ်များသာရှိသေး၏။ ထိုအပြစ်များထက် ကြီးလေးစွာသော ငရဲ၊ ပြိတ္တာတို့၌လည်း ဆင်းရဲဒုက္ခကို ခံစားကြရပေသည်။ ရှေးတုန်းက ဈေးသည်မိန်းမ (၄) ယောက်တို့သည် အလေးချိန်ခွင် စဉ်းလဲခြင်းစသည်ဖြင့် ပစ္စည်းများကို စုဆောင်းပြီး နောက် အရွယ်ကောင်းတုန်းမှာပင် သေကြ၍ ပြိတ္တာများဖြစ်ကြလေသော် မိမိတို့၏ ရှေးဟောင်းနှောင်းဖြစ်တွေကို မြင်ကြရုံသာမက ကျန်ရစ်သောယောက်ျားတို့က နောက် မယားယူကြပြီး မိမိတို့စုဆောင်းထားခဲ့သောပစ္စည်းတွေ သုံးဖြုန်းနေကြသည်ကို မြင်ရသ ဖြင့် မခံနိုင်ကြသောကြောင့် “တရားရော၊ မတရားရော ငါတို့စုဆောင်းထားခဲ့တဲ့ ပစ္စည်း တွေကို နောက်သား၊ နောက်မယားတွေက အပင်းဆို့နေကြသဟဲ့၊ ငါတို့တော့ ဒုက္ခ ရောက်ကုန်ပါပြီ” ဟု မြို့ရိုးပေါ်ကနေပြီး ဟစ်အော်နေကြရှာလေ၏။ ထို့ကြောင့် မိမိတို့၏ မိသားစုအတွက် မတရားသောနည်းတို့ဖြင့် စီးပွားမရှာသင့်ပေ။ အိမ်ထောင်ဦးစီး၏လုပ် စာကို တစ်မိသားစုလုံး စားကြငြားသော်လည်း အကုသိုလ်အမှုဖြင့် ရှာဖွေကျွေးမွေးမိ သူ မိမိသာလျှင် ဆိုးကျိုးအပြစ်တို့ကို ခံစားရမည်ကို သတိပြုသင့်ပေသည်။

အတိတ်၌ သူတစ်ပါးတို့အား လှည့်ပတ်ဖြားယောင်းပြီး သူ့ဥစ္စာကို ခိုးယူ၍စီးပွား ရှာခဲ့ခြင်း၊ ဒါနကုသိုလ်နည်းခဲ့ခြင်းတို့ကြောင့် ယခုဘ၀၌ဆင်းရဲခြင်း၊ လာဘ်တိတ် ခြင်း ဘေးတို့နှင့် တွေ့ကြုံကြရခြင်းဖြစ်၏။ ထိုသို့ အကျင့်သီလတို့ ပျက်ခြင်းသည် ဆိုးကျိုး တရားတို့ နောက်၌ရှိသည်ဟု ပညာဉာဏ်ဖြင့် မဆင်ခြင်နိုင်ခဲ့မှုကြောင့် ဆင်းရဲတို့ဖြင့်သာ အဖန်ဖန်ကျင်လည်နေကြရခြင်းဟူသော သံသရာဘေးဒုက္ခတို့ ကို တွေ့ကြုံခံစားကြရ ခြင်းဖြစ်သည်ကို ယခု၌ ဉာဏ်ဖြင့်ဆင်ခြင်သင့်၏။ ကုသိုလ်တရားတို့ကို ပွားများသင့်၏။ ဘုရားရှင်သာသနာတော်ကြီိးနှင့် တွေ့ကြုံနေတုန်းမှ အမြတ်ဆုံးကုသိုလ်ပါရမီတို့ကို မဖြည့်ကျင့်မဆည်းပူးနိုင်ပဲ တစ်ဘ၀တစ်နပ်စာ ယခုဘ၀ ချမ်းသာရေးအတွက်တစ်ခုသာ ကြည့်နေကြလျှင်ဖြင့်၊ သီလပျက်နေကြလျှင်ဖြင့် မိမိလောက်ဉာဏ်ဆင်းရဲသူ အဘယ်မှာ လျှင် ရှိတော့အံ့နည်း။ ထိုသို့ မိမိကိုယ်ကို သတိပေးဆင်ခြင်ပြီး ကုသိုလ်တရားတို့ကို အထပ်ထပ်ပွားများ၍ ၀ိပဿနာတရား အားထားကာ ပညာဉာဏ်ချင့်ထောက် သံသရာ မှ လျှင်မြန်စွာထွက်မြောက်နိုင်ကြပါကုန်။

ဆက်လက်ဖတ်ရှူရန်...

ကာမဖောက်ပြား မမှောက်မှားနှင့်…


ကာမေသု- ကာမဂုဏ်ကို၊ မိစ္ဆာ- မှားယွင်းစွာ၊ အာစာရ- ကျူးလွန်ခြင်းဟူ၍ အနက် အဓိပ္ပာယ်ရတာဖြစ်ခြင်းကြောင့် သူတစ်ပါးမယား ပြစ်မှားစော်ကားမိခြင်း လောက်ဖြင့် မှတ်ယူမထားသင့်ပေ။ “နှမချင်းစာနာထောက်ထားပါ” ဟူသော မြန်မာ တို့၏ ယဉ်ကျေးမှုစကားဖြင့်ပင် အသိအလိမ္မာရှိသူတို့အဖို့ ထိုကံကို ကျူးလွန်လိမ့်မည် မဟုတ်ပါ။ ကာမေသုမိစ္ဆာစာရဟူသောအမှုကို ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည်ပင်လျှင် အချို့သောသူတို့ ရှင်းလင်းစွာ နားမလည်ကြပေ။ အနောက်တိုင်းသားတို့အနေဖြင့်မူ နားလည်ဘို့ ပို၍ပင်ဝေးကွာလှပေသည်။ ကာမေသုမိစ္ဆာစာရ ကျူးလွန်ခြင်းဟူသောအမှု ကို ရှင်းလင်းစွာနားလည်ထားဘို့ လိုအပ်၏။


ကာမဂုဏ်တို့၌ ဖောက်ပြန်မှားယွင်း ပြုကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏ဟုသီလ ဆောက်တည်ထားသူ အမျိုးကောင်းသားသည် မိမိ၏သီလ မကျိုးမပေါက်စေရန် အောက်ပါ အာဂမနီဝတ္ထု မသွားမလာအပ်သော မိန်းမ(၂၀)ကို ရှောင်ကြဉ်ရပါမည်။
(၁) မာတုရက္ခိတ - မိခင်စောင့်ထိန်းသော မိန်းမ၊
(၂) ပိတုရက္ခိတ - ဖခင်စောင့်ထိန်းသော မိန်းမ၊
(၃) မာတုပိတုရက္ခိတ - မိဘနှစ်ပါး စောင့်ထိန်းသော မိန်းမ၊
(၄) ဘာတုရက္ခိတ - မောင်ကြီးမောင်ငယ် စောင့်ထိန်းသော မိန်းမ၊
(၅) ဘဂိနီရက္ခိတ - အစ်မ၊ ညီမ စောင့်ထိန်းသော မိန်းမ၊
(၆) ဉာတိရက္ခိတ - သွေးသားတော်စပ်သူ ဆွေမျိုး စောင့်ထိန်းသော မိန်းမ၊
(၇) ဂေါတ္တရက္ခိတ - အမျိုးအနွယ် စောင့်ထိန်းသော မိန်းမ၊
(၈) ဓမ္မရက္ခိတ - တရားကျင့်ဖော်ချင်း စောင့်ထိန်းသော မိန်းမ၊
(၉) သာရက္ခ - ကိုယ်ဝန်ကတည်းက မှတ်သားသိန်ဆည်းခံရသော မိန်းမ၊
(၁၀) သပရိဒဏ္ဍ - ဤ မိန်းမကို သွားလာလျှင် ဒဏ်သင့်စေဟုမင်းမိန့် ထုတ်ခံရသော မိန်းမ(တော်ကောက်ထား သည့် မိန်းမ)။

မာတုရက္ခိတမှ ဓမ္မရက္ခိတအထိ မိန်းမရှစ်မျိုးတို့ကို မိဘစသူတို့က စောင့်ထိန်း သည်ဆိုရာ၌ မိဘစသူတို့သည် ထိုမိန်းမတို့၏ အထိအတွေ့(ဖဿ)ကို အစိုးလည်းမရ၊ ပိုင်ဆိုင်မှုလည်းမရှိသဖြင့် မစောင့်ရှောက်နိုင်။ ဖဿကို စောင့်ရှောက်ကြသည်မဟုတ်။ အမှန်မှာ ယုတ်မာသောအကျင့်နှင့် ယောက်ျားတစ်ပါးနှင့် သွားလာနေထိုင်မှုကိုသာ တားမြစ်စောင့်ရှောက်နိုင်ကြသည်။ ထို့ကြောင့် ထိုမိန်းမရှစ်မျိုးတို့မှာ ယောက်ျတစ်ပါးနှင့် ကာမဖောက်ပြန်လျှင် ကာမေသုမိစ္ဆာစာရကံမထိုက်၊ အဘယ့်ကြောင့်ဆိုသော် ကာမပိုင် လင်မရှိသောကြောင့်တည်း။ သာရက္ခ၊ သပရိဒဏ္ဍမိန်းမနှစ်မျိုးတို့မှာ ရည်စူးသတ် မှတ်ထားသူရှိခြင်းကြောင့် ယောက်ျားတစ်ပါးနှင့် ကာမဖောက်ပြန်လျှင်ကာမေသုမိစ္ဆာ ရကံထိုက်၏။
(၁၁) ဓနက္ကီတ- ဥစ္စာဖြင့် ၀ယ်ယူပေါင်းသင်းသော မိန်းမ၊
(၁၂) ဆန္ဒ၀ါသိနီ- အလိုတူ၍ ပေါင်းသင်းသော မိန်းမ၊
(၁၃) ဘောဂ၀ါသိနီ- ပစ္စည်းအသုံးအဆောင်ပေး၍ ပေါင်းသင်းသော မိန်းမ၊
(၁၄) ပဋ၀ါသိနီ- အ၀တ်အထည်ပေး၍ ပေါင်းသင်းသော မိန်းမ၊
(၁၅) သြဒပတ္တကိနီ- ရေခွက်၌ လက်ဆုံနှိုက်၍ လက်ထပ်ပေါင်းသင်းသော မန်း မ၊
(၁၆) သြဘဋစုမ္ဗဋာ- ထင်းခွေရေခတ် လုပ်ကိုင်ရသော အမျိုးသမီးအား ယင်းအ လုပ်တို့ကို မလုပ်စေတော့ဘဲ ခေါင်းမှခေါင်းခုကို ချစေ၍ပေါင်းသင်းသော မိန်းမ၊
(၁၇) ဒါသီ- ကျွန်လည်းဟုတ် ၊ မယားလည်းဟုတ်သော မိန်းမ၊
(၁၈) ကမ္မကာရီ - အလုပ်သမားလည်းဟုတ်၊ မယားလည်းဟုတ်သော မိန်းမ၊
(၁၉) ဓဇာဟဋာ- သုဥ့်ပန်းအမျိုးသမီးအား မယားအဖြစ်သို့ ပေါင်းသင်းသော မိန်း မ၊
(၂၀) မုဟုတ္တိကာ- ခေတ္တငှားရမ်း ပေါင်းသင်းသော မိန်းမ။
အထက်ပါမိန်းမ(၂၀)တို့တွင် နံပါတ်(၉)သာရက္ခမှ နံပါတ်(၂၀)မုဟုတ္တိကာ အထိ မိန်းမ (၁၂)မျိုးတို့သည် ပိုင်ဆိုင်သူရှိသောကြောင့် မိမိအားပိုင်ဆိုင်သူမှတစ်ပါး အခြား ယောက်ျားများနှင့်သော်လည်းကောင်း၊ တိရစ္ဆာန်အထီးများနှင့်သော်လည်းကောင်း ကာမဖောက်ပြန်လျှင် ကာမေသုမိစ္ဆာာစာရကံထိုက်၏။ အဘယ်ကြောင့်ဆိုသော် လင်ပိုင်ဆိုင်သော ကာမအတွေ့အထိကို ခိုး၍ သူတစ်ပါးအား ပျော်မွေ့ စေသော ကြောင့် ဖြစ်သည်။ ယောက်ျားများမှာမူ မိန်းမ (၂၀) အနက် တစ်ယောက်ယောက်နှင့် ဖောက်ပြန်လျှင် ကာမေသုမိစ္ဆာရကံ ထိုက်၏။ ထို့ကြောင့် ရှေးဆရာကြီးများက“မန်းမ နှစ်ကျိပ်၊ ပျော်ကြောင်းသိပ်လည်း၊ မအိပ်လေရာ” ဟု ဆုံးမခဲ့ကြ၏။


ဤ သိက္ခာပုဒ်၌လည်း သီလမရှိသူ၌ ကျူးလွန်လျှင် အပြစ်နည်း၏။ သီလရှိသူ၌ ကျူးလွန်လျှင် အပြစ်ကြီး၏။ သီလမရှိသူအပေါ်၌လည်း အနိုင်ကျင့်ကျူးလွန်လျှင် အပြစ် ကြီး၏။ နှစ်ယောက်အလိုဆန္ဒတူ၍ ကျူးလွန်လျှင် အပြစ်နည်း၏။ မှားယွင်းလိုသော စေတနာလည်းမရှိ အလိုလည်းမတူဘဲ အနိုင်အထက်ကျူးလွန်ခံရသူအား ကာမေသု မိစ္ဆာစာရမဖြစ်၊ ကျူးလွန်သူ၌သာဖြစ်၏။ အမှောင်ခန်းထဲ၌အိပ်နေစဉ် မသူတော် လာရောက်နေထိုင်သည်ကို မိမိလင်မှတ်၍ သာယာသောမိန်းမအားလည်းကောင်း၊ မိမိ မယားနှင့် ယှဉ်အိပ်နေသူ အမျိုးသမီးအား မိမိမယားမှတ်၍ မှားမိသောယောက်ျားအား လည်းကောင်း ကာမေသုမိစ္ဆာာရကံ မထိုက်ပေ။

မဂ်နှင့်ပတ်သက်၍လည်း သိဘို့လိုအပ်၏။ (မဂ္ဂ=မဂ်=လမ်းကြောင်း) လူတို့ခန္ဓာ ကိုယ်တွင် ကာမကျူးလွန်၍ ဖောက်ပြန်နိုင်သော လမ်းကြောင်းသုံးမျိုးရှိသည်။ ၎င်းတို့ မှာ-
(၁) ၀စ္စမဂ် - ကျင်ကြီးစွန့်ရာ လမ်းကြောင်း၊
(၂) ပဿာဝမဂ် - ကျင်ငယ်စွန့်ရာ လမ်းကြောင်း၊
(၃) မုခမဂ် - စကားပြောရာလမ်းကြောင်းတို့ ဖြစ်ကြသည်။
ယင်းတို့အနက် မိန်းမတို့၏ မဂ်သုံးမျိုး၌ ယောက်ျား၏ ပဿာဝမဂ်ဖြင့် ကျူးလွန် သော်လည်းကောင်း၊ ယောက်ျားအချင်းချင်း ၀စ္စမဂ်၊ မုခမဂ်တို့၌ ကျူးလွန် သော်လည်း ကောင်း ကာမေသုမိစ္ဆာစာရကံ ထိုက်၏။ မိန်းမအချင်းချင်း၊ မဂ်တူအချင်းချင်း ထိတွေ့ ဆက်စပ်လျှင်မူ ကာမေသုမိစ္ဆာစာရကံ မဖြစ်ပါ။
ကာမေသုမိစ္ဆာစာရကံ မြောက်စေသော အင်္ဂါလေးပါရှိ၏။ ၄င်းအင်္ဂါများ မှာလည်း ယောက်ျားများအတွက်သာ ရည်ရွယ်ပေသည်။ ထို အင်္ဂါ(၄) ပါးတို့ကတော့-
(၁) မသွားလာအပ်သော အဂမနီယ၀တ္ထု ဖြစ်ခြင်း၊
(၂) အဂမနီယ၀တ္ထု၌ မှိဝဲလိုစိတ်ရှိခြင်း၊
(၃) လုံ့လပြုခြင်း၊
(၄) သာယာခြင်း တို့ဖြစ်ကြ၏။

မိမိ၏မယား၌ ကာမေသုမိစ္ဆာစာရကံထိုက်ခြင်းအင်္ဂါ (၄) ပါးလည်း ရှိသေး၏။ ၎င်း တို့မှာ-
(၁) အကာလ - ရောဂါ၊ ကိုယ်ဝန် အလွန်ရင့်သောအခါ၊
(၂) အာဒေသေ - မိဘဆရာ သူတကာတို့ မြင်သဖြင့် မသင့်နေရာ၊
(၃) အဓမ္မေန - ကျင့်ရိုးမဟုတ်ကျင့်ခြင်း၊
(၄) အနင်္ဂေန - ဆေးဝါးမှီဝဲ ရှိမြဲအင်္ဂါထက် လွန်သောအခါဟူ၍ ရှိကြလေ၏။
ကာမေသုမိစ္ဆာာစာရကံကျူးလွန်ခြင်းကြောင့်ရရှိသော အပြစ်(၁၁)ချက်ရှိပါသည်။ ၎င်းတို့မှာ-
(၁) ကာမေသုမိစ္ဆာစာရအားကြီးသော လူသည် မလိုမုန်းထားသူ ပေါများခြင်း၊
(၂) မုန်းရုံမက ရန်သူလည်းများခြင်း၊
(၃) လာဘ်ပစ္စည်းများ ရှားပါးတိတ်ဆိတ်ခြင်း၊
(၄) ချမ်းသာမှု ကင်းဆိတ်ခြင်း၊
(၅) မိန်းမ ဖြစ်ရခြင်း၊
(၆) မိန်းမမဟုတ် ၊ ယောက်ျားမဟုတ် ပဏ္ဍုတ်ဖြစ်ရခြင်း၊
(၇) ယောက်ျားဖြစ်လျှင်လည်း အမျိုးယုတ်၌ ဖြစ်ရခြင်း၊
(၈) မျက်နှာပျက်၍ အရှက်ကွဲရတတ်ခြင်း၊
(၉) အင်္ဂါလက္ခဏာ ဣနြေ္ဒတို့ယွင်းချို့  သေးသိမ်ခြင်း၊
(၁၀) စိုးရိမ်ကြောင့်ကြ အားကြီးရခြင်း၊
(၁၁) ချစ်သူနှင့် ကွေကွင်းကွဲကွာရခြင်း တို့ ဖြစ်ကြ၏။
လင်္ကာဖြင့်မှတ်ပါလေ-
“မိစ္ဆာစာရ၊ ကျူးလွန်ကလည်း၊ မုန်းကြအများ၊ ရန်သူပွား၍၊ ရှားပါးလာဘ်တိတ်၊ ချမ်းသာဆိတ်၏၊ ဣတ္ထိပဏ္ဍုက်၊ မျိုးယုတ်ခါခါ၊ မျက်နှာမလှ၊ အရှက်ရလျက်၊ လက္ခဏ ဣနြေ္ဒ၊ ယွင်းသွေချို့သိမ်၊ စိုးရိမ်များစွာ၊ ချစ်သူကွာသည်၊ ရှောင်ကအပြန် အကျိုး တည်း။”

ဤ ပြဆိုခဲ့သော အပြစ်တို့သည် ၀ဋ်လိုက်သောအားဖြင့် ဖြစ်ရာဘ၀၌ ကြုံတွေ့ ရ တတ်သော အပြစ်များသာတည်း။ ထိုအပြစ်များအပြင် ငရဲ၌လည်း ဖြစ်ကြရသေး၏။ ကာမေသုမိစ္ဆာစာရကံအားကြီးသော သူဌေးသားလေးယောက်တို့၏ “လောဟကုမ္ဘီ” ခေါ်သံရည်ပူငရဲမှ “ဒု ၊ သ ၊ န ၊ သော” ဟု ဟစ်အော်ကြပုံကိုလည်း လူအများပင် ကြား ဖူးကြပါသည်ီ။ အထူးဆင်ခြင်ဖွယ်ကောင်းသော အရှင်အာနန္ဒာအလောင်း၏ ဖြစ်ပုံလည်း ရှိသေး၏။ အရှင်အာနန္ဒာအလောင်းသည် ကမ္ဘာတစ်သိန်းမျှ ပါရမီဖြည့်ပြီးနောက် ကျွတ်
တမ်းဝင်တော့မည့် ဤ ကမ္ဘာမှာပင် တစ်ခုသောဘ၀၌ ရွှေပန်းတိမ်သည်သားဖြစ်၏။ ထို ဘ၀တုန်းက လူလေလူလယ်တို့နှင့် ပေါင်းမိ၍ ကာမေသုမိစ္ဆာာစာရအမှုကို ပြုလေ သည်။(လူမိုက်နှင့် ပေါင်းခြင်းကား ဤမျှလောက် အပြစ်များ၏။)

ထို အကုသိုလ်ကံကြောင့် ရောရုဝငရဲ၌လည်း နှစ်ပေါင်းများစွာ ခံစားခဲ့ရပြီးနောက် လွတ်မြောက်လာသောအခါ မျောက်ဖြစ်၍ ဝှေးစေ့ကိုက်ဖောက်ခံရ၏။ ထို့နောက် တစ်ဘ၀၌ နွားဖြစ်၍ သင်းကွပ်(ဝှေးစေ့အထုတ်) ခံရ၏။ ထို့နောက် မိန်းမမဟုတ်၊ ယောက်ျားမဟုတ် ပဏ္ဍုပ်ဖြစ်ရ၏။ ထို့နောက် (၅) ဘ၀မြောက်၌ အကုသိုလ်ကံ အခွင့်ရ ၍ နတ်ပြည်၌ ဖြစ်ရသော်လည်း ထိုကာမေသုမိစ္ဆာာစာရကံ နှောင့်ယှက်မှုကြောင့် နတ်သားမဖြစ်ဘဲ နတ်သမီးချည်း ငါးဘ၀လုံးလုံး ဖြစ်ရသေး၏။ ထိုဘ၀တို့နောက်၌ လူ့ပြည်မှာ ဘုရင့်သမီးဖြစ်ရပြန်၏။ ထိုဘ၀နောက်မှ ယောက်ျားဘ၀ကို ရလေည်။

ဤသို့လျှင် ကာမေသုမိစ္ဆာာစာရကံအတွက် ပါရမီရှင်ကြီးသော်မှ ငရဲကျရ၊ ဘ၀ များစွာပင် အောက်ကျနောက်ကျ ဖြစ်ရသေးသည်ကို သတိပြုလျက် တစ်သံသရာလုံးက ပါလာခဲ့သော စိတ်ဆိုး၊ ၀ါသနာဆိုးကြီးကို တရားဖြင့် စောင့်ရှောက်ကြပါကုန်။

ဆက်လက်ဖတ်ရှူရန်...

မကွေ့မကောက်၊ ရိုးဖြောင့်တိုင်းသာ၊ ပြောဆိုပါ…


မုသာဝါဒ- မဟုတ်မမှန် ပြောဆိုခြင်း၊ လိမ်လည်လှည့်ပတ်ခြင်းဟု အနက်ရှိ၏။ မဟုတ်မမှန်သောစကားဟူရာ၌ နှုတ်ဖြင့်ပြော၍လည်းကောင်း၊ စာဖြင့်ရေး၍လည်း ကောင်း၊ ကိုယ်လက်စသည်ကို လှုပ်ပြ၍လည်းကောင်း လိမ်သမျှညာဖြန်းသမျှ အားလုံး ပါဝင်၏။


သူတစ်ပါးတို့အကျိုးစီးပွားပျက်သွားအောင် လိမ်ညာလှည့်ဖြားသော မုသားမျိုး သည် အပါယ်ရောက်ကြောင်းဖြစ်ပြီး ကိုယ်အကျိုးစီးပွား ပျက်မှာစိုး၍၊ ပြက်ရယ်ပြုလို၍ လိမ်ညာခြင်းကား အပြစ်နည်း၏။ သို့သော်လည်း မည်သည့်လိမ်ညာခြင်းပင်ဖြစ်စေ လိမ် ညာတတ်သော အကျင့်မဖြစ်အောင် သတိထားပြီး ရှောင်ကြဉ်သင့်ပေသည်။ “မုသားမပါ လင်္ကာမချော” ဟု ပြောလေ့ရှိကြသည်။ ယင်းစကားဖြင့် အချို့က ကဗျာလင်္ကာ စီကုံး ရေးသားရာ၌ပင် မုသားမပါက ပြေပြစ်မှုမရှိဟု ယူဆကြသည်။ ထိုစကားသည် မှားယွင်း သောစကားသာဖြစ်ပေ၏။ ပညာရှိသူတော်ကောင်းကြီးများသည် စကားပြောရာ၌ လည်းကောင်း၊ ကဗျာလင်္ကာများ သီကုံးရေးသားရာ၌လည်းကောင်း မုသားကိုပြောဆို ရေးသားမှုမရှိကြပါ။

မုသားစကား ပြောဆိုရာ၌ အကျိုးစီးပွား ပျက်စီးဆုံးရှုံးအောင် ပြောဆိုလျှင် မုသာ ၀ါဒကံထိုက်၏။ အကျိုးစီးပွား အနည်းငယ်ပျက်စီးလျှင် အပြစ်နည်း၏။ မည်သည့် အကြောင်းအရာကိုမဆို “မမြင်ပဲ မြင်၏၊ မကြားပဲကြား၏၊ မတွေ့ပဲ တွေ့၏၊ မသိပဲ သိ၏၊ မြင်လျက် မမြင်၊ ကြားလျက် မကြား၊ တွေ့လျက် မတွေ့၊ သိလျက် မသိ” ဟု ပြောဆို သော လူယုတ်မာတို့၏ စကား(အနရိယဝေါဟာရ) ရှစ်မျိုးတို့တွင် တစ်မျိုး မျိုးကိုပြော လျှင် အပြစ်ကြီး၏။ မဟုတ်မမှန်ပြော၍ သံဃာကို အသင်းခွဲသော (ရဟန်းအချင်းချင်း စိတ်ဝမ်းကွဲစေသော) မုသာဝါဒသည် ပို၍အပြစ်ကြီးလေး၏။

ရှေးဘုရားအလောင်း သူတော်ကောင်းကြီးများသည် သတ်မှု၊ ခိုးမှု၊ ကာမကျူး လွန်မှု၊ အရက်သေစာ သောက်စားမှုတို့ကို ပြုလုပ်မိခဲ့ကြသော်လည်း သူတစ်ပါးအကျိုး စီးပွား ပျက်စီးချွတ်ယွင်းစေလိုသော စိတ်ဖြင့် မုသားကို လုံးဝမပြောမဆိုခဲ့ကြပေ။ သို့ သော် သူတစ်ပါးအကျိုးစီးပွား မထိခိုက်မပျက်စီးသော မုသားမျိုးကိုမူ ပြောဆိုခဲ့ ကြဖူးပါ သည်။
ဥပမာ- ဒုကနိပါတ် သံသုမာရဇာတ်၌ သံသုမာရ မိကျောင်းက ဘုရားအလောင်း ၀ါနရိန္ဒမျောက်မင်း၏ အူအသည်းကို တောင်းသောအခါ အလောင်းတော်က “ငါတို့ မျောက်မျိုး၏ အူအသည်းကား ကိုယ်ထဲ၌ မရှိ” ဟုပြော၍ နီရဲသော ရေသဖန်းသီးကို လက်ညှိုးညွှန်ပြခဲ့ဖူး၏။ ပရိယာယ်ဖြင့်ပြောသောကြောင့် မုသာဝါ ဒကံမထိုက်။ ဧကနိ ပါတ် ပဉ္စာဝုဓဇာတ်၌လည်း အလောင်းတော်ပဉ္စာဝုဓမင်းသားက သိလေသလောမ ဘီလူးအား “ငါ့ဝမ်းထဲ၌ ၀ရဇိန်လက်နက်ရှိ၏၊ ငါ့ကို နင်စားသော် ကိုယ်လက်မကျေပဲ အူအသည်း အပိုင်းပိုင်းပြတ်၍သေမည်”ဟုပြောခဲ့ဖူး၏။ ဤကဲ့သို့ ဘုရားအလောင်း ပြောဆိုခဲ့သော မုသားများမှာ မုသာဝါဒကံမထိုက်ပေ။ အဘယ့်ကြောင့်ဆိုသော် ပညာ တည်းဟူသော ၀ရဇိန်လက်နက်ကို ရည်ရွယ်ရင်းရှိသောကြောင့်ဖြစ်၏။

မုသာဝါဒအရာ၌ အကျိုးစီးပွားပျက်စီးမှ မုသာဝါဒကမ္မပထ မြောက် ၏။ အကျိုး စီးပွား မပျက်စီးလျှင် မုသာဝါဒကံမျှသာဖြစ်သည်။ မုသား စကား ပြောဆိုသော အင်္ဂါ(၄)ပါးရှိ၏။ ၎င်းတို့မှာ-
(၁) မဟုတ်မမှန်သော အကြောင်းဖြစ်ခြင်း၊
(၂) လိမ်ညာလှည့်စားလိုစိတ်ရှိခြင်း၊
(၃) လုံ့လပြုခြင်း၊
(၄) မိမိလှည့်စားသည့် အဓိပ္ပာယ်ကို သူတစ်ပါးနားလည်ခြင်း တို့ဖြစ်ကြပါ
သည်။

မုသားပြောဆိုခြင်းကြောင့် ရရှိသောအပြစ်(၉)မျိုးရှိပါသည်။ ၎င်းတို့မှာ-
(၁) ယခုဘ၀၌ စကားပီပီသသ မပြောတတ်ခြင်း။
(၂) သွားများ မညီမညွတ် ရှိခြင်း။
(၃) ခံတွင်း ပါးစပ် ပုပ်ညှီခြင်း။
(၄) ကိုယ်အရေအသား ပူရှိန်ခြောက်ကပ် စိုစိုဖတ်ဖတ်မရှိခြင်း။
(၅) မျက်စိ-နား စသော ဣနြေ္ဒများ နောက်ကျုကျုရှိခြင်း။
(၆) ပုံဟန်မလှပဲ ဆိုးရွားချွတ်ယွင်း ဖောက်ပြန်ခြင်း။
(၇) သူတစ်ပါးအပေါ်၌ သြဇာမတည်ခြင်း။
(၈) အပြောအဆို နှုတ်လျှာများ ထော်လော်ကြမ်းတမ်းခြင်း။
(၉) စိတ်မတည်ပဲ လျှပ်ပေါ်လော်လီတတ်ခြင်း တို့ ဖြစ်ကြပါသည်။
လင်္ကာဖြင့်မှတ်ပါလေ-
“မုသားစကား၊ ပြောဆိုငြားမူ၊ စကားမပြီ၊ သွားမငြီတည်း၊ ပုပ်ညှီပါးစပ်၊ ခြောက် ကပ်ကိုယ်ရေ၊ ဣနြေ္ဒယွင်းနောက်၊ ပုံယွင်းဖောက်၍၊ မရောက်သြဇာ၊ နှုတ်လျှာကြမ်း ထော်၊ လျှပ်ပေါ်လော်လည်၊ စိတ်မတည်သည်၊ ရှောင်မည်အပြန် အကျိုးတည်း။”


ဤသို့စသည်ဖြင့် အပြစ်များပါသည်။ မုသားပြောဆိုသူသည် ဘယ်ကိစ္စ၌မျှ မယုံ ကြည်ရသောကြောင့် အကြီးအကဲမဖြစ်နိုင်ပေ။ ဤပြဆိုခဲ့သော အပြစ်တို့ကား ၀ဋ်လိုက် သောအားဖြင့် ရောက်လေရာဘ၀၌ ရတတ်သောအပြစ်များသာရှိသေး၏။ တချို့သော မုသားစကားများမှာ ငရဲရောက်အောင်ပင် အပြစ်ကြီး၏။ ကမ္ဘာဦးတွင် စေတီယတိုင်းကို အုပ်ချုပ်ခဲ့သော “ဥပ၀ရ” ခေါ် စေတီယမင်းသည် မုသားစကား ပြောဆိုခဲ့ခြင်းကြောင့် မြေမျိုပြီး အ၀ီစိ၌ ခံစားရသည်ကို သံဝေဂယူသင့်လှပါသည်။

ဤ စေတီယ၀တ္ထု၌ မုသာဝါဒ၏အပြစ်ကား လွန်လွန်းလှ၏ဟု မှတ်ထင်ကြပေ လိမ့်မည်။ မလွန်လွန်းပါပေ။ ထိုစေတီယမင်း၏ မုသားပြောသောအချိန်ကား တစ်စုံတစ် ယောက်မျှ မုသားပြောသူမရှိသေးချေ။ အားလုံးသစ္စာတည်သောအခါဖြစ်သည်။ ညစ် စုတ်ပေတေနေသောလက်နှီး၌ အိုးမဲထိသော်လည်း မထူး၊ ဖြူစင်သော ပ၀ါ၌ကား မြူမှုန့် လောက် အကွက်ကလေးပင် ထင်ရှားသကဲ့သို့ အားလုံးသစ္စာတည်ကြသောကာလ၌ ပထမဖြစ်သော ထိုမုသားသည် အလွန်ထင်ရှား၍ အပြစ်လည်းကြီးမားလေသည်။ ယခုခေတ်ကား “မုသားမပါ လင်္ကာမချော” ဟူသောစကားကို လက်ကိုင်ပြုလျက် မုသား ကို ရေလဲနှင့် သုံးစွဲနေကြသောခေတ်ဖြစ်၏။

ထို့ကြောင့် မုသားပေါသောခေတ်၌ မုသားပြောသူတိုင်း မြေမျိုရလျှင် မြေကြီးပင် အားလပ်ခွင့်ရတော့မည် မဟုတ်ချေ။ ထို့ပြင် ကမ္ဘာဦး၌ မုသားလောက်အပြစ်ကြီးသော အပြစ်များလည်း မရှိသေးပေ။ ယခု ခေတ်၌ကား မုသားလောက်အပြစ်ကို အပြစ်ဟု ဆိုဖွယ်မရှိလောက်အောင် ထို့ထက်ဆိုးရွားသော အပြစ်ကြီးတွေက လွှမ်းမိုးနေ သော ကာလ ဖြစ်ပေသည်။ သို့ရာတွင် ခေတ်အလျောက် မုသားအပြစ်က မျက်မှောက်ဘ၀၌ အကျိုးမထင်ရှားစေကာမူ သံသရာ၌ ၀ဋ်လိုက်သောအပြစ်မှာ စေတီယမင်း၏ အဖြစ်မျိုး ထက် သက်သာလှမည် မဟုတ်သည့်အပြင် တကယ့်သူတော်စင် ပါရမီရှင်မှန်လျှင် သစ္စာပါရမီကို လိုလိုချင်ချင် ဖြည့်ရမည်ဖြစ်သောကြောင့် မုသားမှန်သမျှကို အသေးအဖွဲ ကစ၍ ရှောင်ကြဉ်ကာ သစ္စာပါရမီကိုသာ နှစ်နှစ်သက်သက်ဖြည့်ကျင့်ကြပါလျှင် မိမိ၌ တည်သောသစ္စာကြောင့် အလိုလိုအရှိန်အ၀ါတက်လာလိမ့်မည် ဖြစ်ပါသည်။

“မုသားမပါ၊ လင်္ကာမချောဟု၊ ဆိုးရိုးလိုက်ကာ၊ မမိုက်ပါပ၊ဲ သစ္စာစကား၊ ပြောဆိုသွားကာ၊ ငြိမ်းရာဒုက္ခ၊ လှမ်းကုန်ကြဟု၊ နှိုးဆော်သမှု၊ ဆောင်းပါးပြုသည်၊ များထွေသာဓု၊ ခေါ်စေသတည်း။”

ဆက်လက်ဖတ်ရှူရန်...

သေရည်သေရက်၊ စီးပွားပျက်ကို၊ တစ်စက်ကယ်မျှ၊ မသောက်ကြနှင့်၊ ရှောင်ကြပါ လေ၊


သုရာ- ရဲရင့်ခြင်း၊ တက်ကြွခြင်း (သေရည်)၊ မေရယ- မူးယစ်ထုံထိုင်းခြင်း (အ ရက်)၊ မဇ္ဇ- မေ့လျော့ခြင်း (သေရည်အရက်မှ တစ်ပါးသောပစ္စည်း) အားဖြင့် သုံးမျိုးရှိ၏။ ထိုကဲ့သို့ ရဲရင့်ခြင်းဖြစ်စေသောသေရည်၊ မူးယစ်ထုံထိုင်းစေသောအရက်၊ မေ့လျော့ခြင်း ကိုဖြစ်စေသော သေရည်အရက်မှတစ်ပါးဖြစ်သည့် ဘိန်းဘင်း၊ ကစော်၊ လှော်စာ၊ ထန်း ရည်၊ ဆေးခြောက်၊ ဘိန်းဖြူစသော မူးယစ်စေတတ်သည့်မဇ္ဇ တစ်ခုခုကို တစ်နည်း နည်းဖြင့် မှီဝဲလျှင်သီလပျက်၏။ ၎င်းတစ်မျိုးမျိုးကို လူတို့သည်နည်းမျိုးစုံဖြင့်ပင် မှီဝဲနေ ကြသည်။ ထိုသို့ မှီဝဲနေကြခြင်းမှာ အပြစ်ကိုမသိခြင်း၊ အပြစ်ရှိသည်ဟုသိကြသော် လည်း အသေးအဖွဲမျှရှိမည်ဟု မှတ်ဟူနေကြခြင်း၊ အပျော်မက်ခြင်း၊ အပေါင်းအသင်း ကိုမက်ခြင်း၊ စိတ်ညစ်လို့ စိတ်ညစ်ပြေအောင်ဟူ၍ သုံးဆောင်ခြင်းစသည်ဖြင့် အကြောင်း အမျိုးမျိုးပြ၍ မှီဝဲနေကြ၏။ မည်သို့ပင်ဆိုစေ

(၁) သေရည်အရက်ဖြစ်ခြင်း၊
(၂) ၎င်းကို သုံးဆောင်ခြင်း ဟူသော အင်္ဂါ (၂) ပါးညီညွတ်လျှင် ထိုကံထိုက်၏။

သီလမြတ်နိုးသူ သီလ၀န္တသူတော်ကောင်းများသည် သုရာ၊ မေရယ၊ မဇ္ဇ သုံးမျိုး လုံးကို ကျန်းမာရေးအရ ဆေးနှင့်ရော၍ပင် သောက်သုံးခြင်းမပြုကြပေ။ မူးသည်ဖြစ် စေ၊ မမူးသည်ဖြစ်စေ သောက်သုံးသည်နှင့် တစ်ပြိုင်နက်သီလပျက်၏။ ကျန်းမာရေးအ တွက် ဆေးဝါးအမှတ်ဟူ၍လည်းကောင်း၊ ရာသီဥတုအေးလွန်း၍ စသည်ဖြင့်လည်း ကောင်း၊ အကြောင်းပြခြင်းမှာ သောက်သုံးလိုသူ၏ ဆန္ဒအရသာဖြစ်ပေသည်။ မည် သည့်အရပ်ဒေသ၌ မည်သည့်နည်းဖြင့် မည်သူမဆို သောက်သုံးပါက အပြစ်ရှိပေသည်။
မြတ်ဗုဒ္ဓက သေရည်အရက်သောက်သုံးခြင်းကြောင့် ရရှိသောအပြစ် (၆) မျိုးရှိ၏ ဟူ၍ သိင်္ဂါလောဝါဒသုတ်၌ ဟောကြားတော်မူခဲ့၏။ ၎င်းတို့မှာ-
(၁) မိမိလုပ်ဆောင်သောအမှုသည် သင့်၏၊ မသင့်၏မသိခြင်း၊ တစ်နည်း ပညာ နည်းပါးခြင်း။
(၂) ပျင်းရိလာခြင်းကြောင့် ဥစ္စာပစ္စည်းများလျော့ပါးတတ်ခြင်း။
(၃) မေ့လျော့နေခြင်းကြောင့် အကုသိုလ်တရားများ တိုးပွားနေခြင်း။
(၄) သူတစ်ပါး၏ကျေးဇူးတရားတို့ကို မဆပ်ပဲ ကျေးဇူးကန်းတတ်ခြင်း။
(၅) အကုသိုလ်တရားတို့မှ အရှက်၊ အကြောက်ကင်းခြင်း။
(၆) အကုသိုလ်တရားတို့ကို ပြုလုပ်ရန်လွယ်ကူခြင်း။ တို့ဖြစ်ကြသည်။
လင်္ကာဖြင့်မှတ်ပါလေ-
“သေရည်သောက်လင့်၊ သင့်မသင့်ကို၊ ရေးခွင့်မသိ၊ ပျင်းရိမေ့မူး၊ ကျေးဇူးမဆပ်၊ ဟိရောတ္တပ်(ဟိရိသြတ္တပ အရှက်၊ အကြောက်တရား) ကင်း၊ ခပင်းများထို၊ အကုသိုလ် ကို၊ အပြိုလွယ်စွာ၊ ပြုကျင့်ရာသည်၊ ရှောင်ခါအပြန် အကျိုးတည်း။”

ရှေးအခါက ဘုရင်တစ်ပါးသည် သေရည်အရက်ကြောင့် သားငယ်အားမိမိကိုယ် တိုင်သတ်ခဲ့ဖူး၏။ သူသည် အသားဟင်းကိုလည်း တက်မက်သူဖြစ်၏။ တစ်နေ့သ၌ ဘုရင်ကြီး သေရည်သောက်ပြီးချိန်တွင် ပွဲတော်တည်ရန်အချိန်ကျသောကြောင့် စားတော်ချက်သည် အသားဟင်းမပါ၍ စိုးရိမ်ထိတ်လန့်စွာဖြင့် မိဖုရားကြီးအား အကူ အညီပေးနိုင်ရန် တောင်းပန်လျှောက်ထား၏။ မိဖုရားကြီးက “ဘုရင်ကြီးသည် သူ၏ချစ် လှစွာသော သားငယ်လေးအား တွေ့မြင်ရလျှင် အသားမပါသည်ကို ဘုရင်ကြီးမေ့သွား လိမ့်မည်၊ မစိုးရိမ်ပါနှင့်ဟူ၍ စားတော်ချက်အား နှစ်သိမ့်လိုက်၏။ ဘုရင်ကြီးပွဲတော် တည်ချိန်တွင် အသားဟင်းမပါသည်ကို သိပြီးအမျက်ထွက်တော်မူချိန်တွင် မိဖုရားကြီး က သားတော်လေးအား ပွေ့ချီလာပြီး ဘုရင်ကြီးအား ဆက်သလိုက်ရာ ဘုရင်ကြီးသည် သားတော်လေး၏လည်ပင်းကိုချိုးသတ်ပြီး စားတော်ချက်အား ချက်ချင်းချက်ခိုင်းပြီး ဟင်းအဖြစ်သုံးဆောင်တော်မူလေသည်။ နောက်တစ်နေ့နံနက်တွင် မိဖုရားကြီးအား သားတော်လေးကို ဆက်သရန်ပြောသောအခါ မိဖုရားကြီးလည် ငိုပြီး အကြောင်းစုံကို လျှောက်ထားလိုက်ရာတွင် ဘုရင်ကြီးသည် ပြင်းစွာနောင်တရခဲ့လေ၏။

အရက်သေစာသောက်စားမူးယစ်ပြီး ထိုကဲ့သို့ မှားယွင်းခဲ့သော ဆိုးရွားလှသည့် သာဓကများမှာ များစွာရှိ၏။ ယခုဘ၀၌လည်းအကျိုးမရှိ၊ သေလွန်လျှင်လည်း အပါယ် သို့ သွားရဦးမည်ဖြစ်၏။ လူပြည်ပြန်ရောက်လာသောအခါတွင်လည်း ရူးသွတ်ခြင်း၊ စိတ် မနှံ့ခြင်းစသည့် ဆိုးကျိုးများဆက်လက်ခံစားကြရပြန်သည်။ ဆိုးကျိုးပေါင်းများစွာ မွေးထုတ်ပေးသော သေရည်အရက်အား အဘယ့်ကြောင့်များ နှစ်သက်နေကြသနည်း။ မှားနေမှန်းသိသော်လည်း အဘယ်ကြောင့်များ မရှောင်ကြဉ်နိုင်ဘဲ မှဲဝဲနေကြသနည်း။ မိမိစိတ်ကိုနိုင်အောင်စောင့်ရှောက်ပြီး ထိုမကောင်းသောသေရည်အရက်တို့အား ရှောင် ကြဉ်သင့်ပေသည်။
စာဖတ်သူတို့အားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာဖြင့် ငါးပါးသီလစောင့်ထိန်း နိုင်ကြပါစေ။ သီလကိုမြတ်နိုးသော သီလ၀န္တပုဂ္ဂိုလ်များဖြစ်ပြီး အေးငြိမ်းစွာလှ သန္တိသုခ နိဗ္ဗာန်သို့တိုင် အရောက်ချီနိုင်ကြပါစေ။

ကိုထွန်းထွန်းလိုင်၏ ဓမ္မဒါန မှ ဖြန့်ဝေပါသည်။

ဆက်လက်ဖတ်ရှူရန်...

တွေးကြည့်စေချင်သည်


ကျွန်တော်တို့တစ်တွေဟာ တစ်နေ့တစ်နေ့ အိပ်ရာကထတယ်.. မနက်စာစားတယ်..ကျောင်းသွားတယ်.. ရုံးသွားတယ်.. ပြန်လာတယ်.. ညစာစားတယ်.. လုပ်စရာရှိတာ လုပ်တယ်.. ပြန်အိပ်တယ်..။ နောက်တစ်နေ့လည်း ဒီအတိုင်းပဲ.. လည်ပတ်နေပြန်တယ်။ ပညာသင်ကြားနေကြတဲ့ ကျောင်းသားတွေ၊ စီးပွားရေးလုပ်ကိုင်နေရတဲ့ စီးပွားရေးပညာရှင်တွေ၊ သားကျွေးမှု မယားကျွေးမှုနဲ့ လုပ်ကိုင်ရှာဖွေနေကြရတဲ့ အိပ်ထောင်ဦးစီးတွေ၊ တစ်နေ့တစ်နေ့ ဒီလိုနဲ့ပဲ အချိန်တွေ ကုန်လွန်သွားတော့မှာလား? လူ့ဘ၀ကို ရလာတာဟာ ဒီလိုစီးပွားတွေရှာ ပညာတွေသင်ပြီးတော့ ဘ၀ကို အဆုံးသတ်သွားဖို့လား? ဒါမှမဟုတ် အာဏာပါဝါတွေရှိဖို့ နာမည်ကြီးဖို့ ကျော်ကြားဖို့ ပိုက်ဆံ ချမ်းသာကြွယ်ဝဖို့အတွက် လူ့ဘ၀ကို အသုံးချသွားမှာလား? ဆိုတာတွေဟာ တွေးကြည့်ဖို့တော့ လိုအပ်ပါတယ်။ လူအများစုဟာ တစ်နေ့တာအတွက် ပိုက်ဆံကို ဘယ်လိုဝင်ငွေတိုးအောင် ရှာရမလည်း ဆိုတာတော့ အချိန်ပေးပြီးတော့ တွေးကြတာ များပါတယ်.. ဒါပေမယ့် လူ့ဘ၀ရရှိလာတဲ့ အနှစ်သာရကျတော့ တစ်နေ့နေလို့တစ်ခါ ဘယ်သူမှ စေ့စေ့ပေါက်ပေါက် မတွေးမိတတ်ကြပါဘူး။


ဈေးရောင်းနေတဲ့ လူတစ်ယောက်ကို ခင်ဗျားလူလာဖြစ်တာ ဈေးရောင်းဖို့ တစ်ခုတည်း အတွက်လား? အင်ဂျင်နီယာ တစ်ယောက်ကိုလည်း ခင်ဗျားလူလာဖြစ်တာ အင်ဂျင်နီယာလုပ်ဖို့ တစ်ခုတည်း အတွက်လား? ကံထရိုက်တာ တစ်ယောက်ကိုလည်း ခင်ဗျားလူလာဖြစ်တာ ကံထရိုက်လုပ်ဖို့ တစ်ခုတည်း အတွက်လား? လို့ မေးလိုက်ရင် ရုတ်တရက် ဘာဖြေရမှန်းမသိအောင် နှုတ်ဆွံ့သွားမှာ သေချာပါတယ်။ လူအများစုဟာ အသက်အရွက်တွေသာ ကြီးသထက် ကြီးလာကြပြီး မိမိလူဖြစ်လာရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကျတော့ အတိအကျသိတဲ့သူ အင်မတန် နည်းပါတယ်။ လောကီလူ့ဘောင်မှာ ရည်ရွယ်ချက်မဲ့နေတဲ့ လူတစ်ယောက်ဟာ အလုပ်တစ်ခု လုပ်မယ်ဆိုရင် အောင်မြင်ဖို့လမ်းစ အင်မတန် နည်းသလိုပါပဲ.. လူဖြစ်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကို မသိတဲ့ လူအများစုဟာလည်း ကိုယ်လုပ်နေတဲ့ အလုပ်တွေကိုပဲ ကိုယ်မရှိရင် မဖြစ်တော့သလိုမျိုးထင်ပြီး လုပ်ရင်းကိုင်ရင်း.. ဒီလိုနဲ့ပဲ ဘ၀ကို မလှမပ ဇတ်သိမ်းသွားကြတဲ့သူတွေ အင်မတန် များကြပါတယ်။ ဘ၀ဇတ်သိမ်းမလှတဲ့သူတွေ အများစုကို ကြည့်လိုက်ရင်လည်း လူဖြစ်ရခြင်းရဲ့ ရည်ရွယ်ချက်ကို သေချာမသိသွားကြရတဲ့ လူတွေ များပါတယ်။

ဘုံပေါင်း(၃၁)ဘုံ ရှိတဲ့အနက် လူ့ဘုံဟာ လမ်းဆုံလမ်းခွဘုံလို့ ပြောလို့ရပါတယ်။ လူ့ဘုံရဲ့အောက် အပါယ်လေးဘုံကို ကြည့်မယ်ဆိုရင်လည်း ဆင်းရဲဒုက္ခတွေ များလွန်းအားကြီးတဲ့အတွက် မည်သည့်ကုသိုလ်မျှ လုပ်လို့မရပါဘူး။ နောက်ပြီး လူ့ဘုံရဲ့အထက် နတ်ဘုံကို ကြည့်လိုက်ပြန်ရင်လည်း ချမ်းသာသုခတွေ များလွန်းအားကြီးတဲ့အတွက် ကုသိုလ်တရားများကို တင်းပြည့်ကြပ်ပြည့် မလုပ်နိုင်ပဲ ချမ်းသာသုခတွေ ခံစားတာများပြီး ကုသိုလ်လုပ်ဖို့ လုံးဝမလွယ်ကူနိုင်ကြပါဘူး။ ဒါ့ကြောင့်လည်း လူ့ဘုံကို လမ်းဆုံလမ်းခွဘုံလို့ ပြောတာပါ။ အထက်ကိုတက်မလား? အောက်ကိုဆင်းမလား? မသေရာဖြစ်တဲ့ အမြတ်နိဗ္ဗာန်ကို တက်လှမ်းမလား? ကိုယ်ကြိုက်တဲ့လမ်းကို ကိုယ့်ဘာသာ လျောက်လှမ်းလို့ ရနိုင်တဲ့ ဘုံပါ။ ဘုရားလောင်းတော်များဆိုလျှင် နတ်ပြည်ရောက်ခဲ့လျှင်ပင် သက်တမ်းပြည့်မနေပဲ နတ်သက်ချွေကာ လူပြည်ပြန်လာပြီး ကုသိုလ်ပြုကြပါတယ်။ ဒါ့ကြောင့်လည်း လူ့ဘုံဘ၀လူ့ဘ၀ကား တန်ဖိုးရှိလှတဲ့ဘ၀လို့ ရှေးဆရာတော်ကြီးများ မိန့်ကြားတော်မူခဲ့တယ်ထင်ပါတယ်။

နောက်.. အားတက်စရာလူ့ဘုံရဲ့ အနှစ်သာရလေးတစ်ခု ဖော်ပြပေးလိုပါတယ်။ လူအများစုကသာ သေရင် နတ်ပြည်ရောက်ရပါလို၏လို့ ဆုတောင်းကြတာ များပါတယ်။ ဒါပေမယ့် နတ်တွေကျတော့ ဗြောင်းပြန် ဆုတောင်းပါတယ်။ နတ်ပြည်မှာ နတ်သက်ကြွေတော့မယ်ဆိုရင် နတ်တို့ ပန်ဆင်သော ပန်းတွေ ညှိုးနွမ်းပါတယ်၊ အ၀တ်တန်ဆာတွေ ညစ်နွမ်းကုန်တယ်၊ ချိုင်းကြားတို့မှ ချွေးထွက်ပါတယ်၊ ကိုယ်၌ အရည်အဆင်း မလှဖြစ်ပြီး နတ်ဗိမာန်၌ မမွေ့မလျော်ဖြစ်သော ရှေ့ပြေးနမိတ်တွေ အရင်ဆုံး ဖြစ်ကြရပါတယ်။ အဲ့အချိန် ရောက်ပြီဆိုမှ ကျန်တဲ့နတ်တွေက လာရောက်ပြီး နတ်သားကို ဆုတောင်းစကား ပေးပါတယ်။ ဘယ်လို ဆုတောင်းပေးကြလဲဆိုရင် “အရှင်နတ်သား ဤနတ်ဘုံမှ စုတေလျှင် လူ့ပြည့်သို့ သွားပါလော့၊ လူ့ပြည်တွင် မြတ်စွာဘုရား သာသနာတော်၌ မြတ်ဘုရားဟောကြားအပ်သော ဓမ္မ၀ိနယ၌ ယုံကြည်သော သဒ္ဓါတရားကို အရယူပါလော့၊ အရယူပြီး ထိုယုံကြည်မှုသဒ္စါတရားကို မိမိ၏ စိတ်အစဉ်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်အောင် တည်ပါလော့״ ဟု နတ်တွေက ဆုတောင်း မှာကြားကြပါတယ်တဲ့။ ဒီလိုဆိုရင် ကျွန်တော်တို့ ယခုရောက်ရှိနေတဲ့ ဘုံဘ၀ဟာ နတ်တွေ ဆုတောင်းရောက်ရှိအောင် တန်ဖိုးထားနေတဲ့ အဖိုးမဖြတ်နိုင်တဲ့ ဘုံဘ၀ပါနော်။ ဒီအချက်တွေမေ့ပြီး လူ့ပြည်ရောက်လာတဲ့ လူသားအများစုဟာ လောဘတွေ ဒေါသတွေ မောဟတွေ တနင့်တပိုးထွေးပိုက်ကာ လုပ်ချင်ရာတွေလုပ်ပြီး မရောက်ချင်တဲ့ နေရာတွေကို မရောက်ချင်ပဲနဲ့ ရောက်ကြရတာပါ။ ဒါဘာကြောင့်လည်းဆိုတော့ လူဖြစ်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကို မေ့နေကြလို့ပါပဲ။


လူဖြစ်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က ဘာလည်း? လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဒါနကုသိုလ်၊ သီလကုသိုလ်၊ သမထဘာဝနာကုသိုလ်၊ ၀ိပဿနာဘာဝနာကုသိုလ်၊ မဂ်ကုသိုလ်၊ ဖိုလ်ကုသိုလ်ဆိုတဲ့ ကုသိုလ်ခြောက်မျိုးလုံးကို အရယူရန်အတွက် ဖြစ်ပါတယ်။ စီးပွားဥစ္စာရှာဖွေခြင်းသည်ပင် ထိုကုသိုလ်ခြောက်မျိုး ပြုလုပ်ရန်အတွက် ဖြစ်ပါတယ်။ ဒါပေမယ့် လူဖြစ်ရခြင်း ရည်ရွယ်ချက်ကိုမေ့ကာ လူအများစုဟာ လူဖြစ်လာတာကို ကာမဂုဏ်တွေ ခံစားဖို့ဟုထင်ပြီး ကုသိုလ်ကိုမစုပဲ အကုသိုလ်တွေစုပြီး အပါယ်သို့ သွားကြရတာပါ။

ဒီအချက်လေးကို ဆရာတော်အရှင်ဇ၀နရဲ့ ပညာရှိနဲ့ ပညာမဲ့ ခွဲခြားနည်းလေးနဲ့ ဖော်ပြပေးလိုပါတယ်။ ပညာရှိနဲ့ ပညာမဲ့သည် လူ့ဘ၀ခန္ဓာရတာခြင်း တူသော်လည်း အသုံးချတတ်ပုံခြင်းမတူပေ.. ပညာမဲ့သည် လူ့ဘ၀ခန္ဓာကို အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိဟူသော ကာမဂုဏ် ခံစားဖို့အတွက် အသုံးချ၍ အပါယ်လေးပါးသို့ သွားကြ၏.. ပညာရှိ သူတော်ကောင်းများသည် ရလာသော လူ့ဘ၀ခန္ဓာကို ကုသိုလ်ရဖို့အတွက် အသုံးချ၍ နိဗ္ဗာန်သို့ သွားကြ၏ တဲ့။ ဒီအချက်လေးနဲ့ မိမိကိုယ်မိမိတိုက်ကြည့်ပြီး ကိုယ်ဟာ လူ့ဘ၀ရလာတဲ့အချိန်မှာ ကိုယ့်ရဲ့ခန္ဓာကို ဘာအတွက် အသုံးချနေလဲဆိုတာ သေချာလေး မေးကြည့်စေလိုပါတယ်။ မေးပြီးရင်တော့ လူဖြစ်ရခြင်းရဲ့ ရည်ရွယ်ချက်ကို သေချာစေ့စေ့တွေးကာ လုပ်သင့်တဲ့အလုပ်ကို လုပ်ဆောင်ရင်း ကုသိုလ်ကို များအောင်စုပြီး ကောင်းမှုကို များအောင်ကြံနိုင်ကြပါစေ..။။

ဆက်လက်ဖတ်ရှူရန်...

နေ့စဉ်ဘ၀ထဲ၌ လုပ်ရင်းကိုင်ရင်း ပွားများခြင်း


မေတ္တာဘာဝနာပွားတာ ဦးစွာ မနော(စိတ်)ကနေ ပွားနေခြင်းဖြစ်ပါတယ်။ အလေ့အကျင့်ရလာတဲ့အခါကျတော့ နေ့စဉ်ဘ၀ထဲကို မေတ္တာရောက်ရှိနေပါပြီ။ ဒီလိုရောက်လာဖို့ အထောက်အကူဖြစ်နိုင်ဖို့နည်းလမ်းကတော့ လူတစ်ယောက်ကို တွေ့ရင် မိမိက ဦးစွာ မေတ္တာပို့ပါ။ တစ်နေရာရာသွားရင် မေတ္တာပို့ပြီးမှ သွားတဲ့ အလေ့အကျင့်လုပ်ပါ။ အိပ်ရာဝင်ရင်လည်း အိပ်မပျော်မချင်း မေတ္တာပို့နေပါ။ မေတ္တာပို့ရင်းပဲ အိပ်ပျော်ပါစေ၊ နိုးလာရင်းလည်း မေတ္တာစိတ်နှင့်ပဲ နိုးနိုင်ဖို့ လေ့ကျင့်ပေးပါ။ စားသောက်တဲ့အခါလည်း ချက်ပြုတ်ပြင်ဆင်သူများကို မေတ္တာပွားပြီးမှစားပါ၊ တစ်ယောက်ယောက်ကို သတိရရင်လည်း မေတ္တာအရင်ပွားပါအုံး။


ဒီလိုနဲ့ အလေ့အကျင့် အားကောင်းလာတဲ့အခါမှာတော့ မိမိတမင်တကာ မေတ္တာစိတ်ဖြစ်အောင် လုပ်စရာမလိုဘဲ အလိုလိုပဲ မေတ္တာစိတ်ဖြစ်နေတာ သတိထားမိပါလိမ့်မယ်။ စိတ်ထဲ သူ့အလိုလိုပဲ ကျေးဇူးတင်စိတ်တွေ ဖြစ်လာတတ်တယ်။ ဆင်းရဲဒုက္ခရောက်သူကို တွေ့ရင်လည်း လှိုက်လှိုက်လှဲလှဲ သနားကရုဏာစိတ်တွေ ရင်ထဲ အလိုလိုပဲ ဖြစ်လာတတ်တယ်။

မေတ္တာရဲ့ ကျေးဇူးနှင့် သာဓကကို ဖော်ပြရင်တော့ အများကြီးပါပဲ..။

မြတ်စွာဘုရားရှင်က လက်တစ်ဖျစ်တီးကာလမျှ မေတ္တာစိတ်ကို ပွားများဖြန့်ဖြူးပို့သ မှီဝဲနေတဲ့ ရဟန်းကို ဈာန်မှ မဆိတ်သုဉ်းသောရဟန်း၊ ပြည်သူ့ဆွမ်းကို အကျိုးရှိအောင် ဘုဉ်းပေးသုံးဆောင်သောရဟန်းဆိုပြီး အထူးချီးမွမ်းတော်မူပါတယ်။

ထင်ရှားတဲ့သာဓကအနေနှင့်တော့ ဓမ္မစင်္ကြာဒေသနာဦးကို မဟောကြားခင် ပဉ္စ၀ဂ္ဂီငါးပါးနှင့် ဘုရားရှင်ရဲ့မေတ္တာတော်ဟာ အံ့ဖွယ်မှတ်သားစရာပါပဲ။

“မြတ်စွာဘုရားရှင်သည် ထိုပဉ္စ၀ဂ္ဂီငါးဦးတို့၏ စိတ်ထားကို သိမြင်တော်မူလေလျှင် အလုံးစုံသော သတ္တ၀ါတို့အပေါ်၌ မည်သည့်သတ္တ၀ါအတွက်ဟု ရည်မှတ်ပိုင်းခြားမှု မထားသောအားဖြင့် သိမ်းကျုံးဖြန့်လွှမ်းထားနိုင်သော မေတ္တာစိတ်ဓာတ်တော်ကို အကျဉ်းချုံး ရုံးစု၍ သီးသန့်ပိုင်းခြား သတ်မှတ်သောအားဖြင့် ပဉ္စ၀ဂ္ဂီငါးဦးတို့အပေါ်၌သာလျှင် မေတ္တာဖြန့်ပို့တော်မူ၏။ ဘုရားရှင်မေတ္တာဓာတ် ထိခိုက်ခြင်းကြောင့် ထိုပဉ္စ၀ဂ္ဂီတို့သည် ဘုရားရှင်ကြွလာတော်မူလျှင် (သိဒ္ဓတ္ထလာလျှင် ခရီးဦးအကြိုမပြုတော့ဘူးဟူသော)မိမိတို့ မူလကတိအတိုင်း မရပ်တည်နိုင်ကြတော့ဘဲ ရှိခိုးခြင်း၊ ခရီးဦးကြိုဆိုခြင်းစသော အမှုကိစ္စအားလုံးကို ပြုမိကြလေပြီ” ဒါက မေတ္တာရဲ့သာဓကပါပဲ။

နောက်သာဓကတစ်ခုကလည်း မြတ်စွာဘုရားဟာ စင်္ကြာဝဠာအနန္တတို့အပေါ်၌ ဖြန့်လွှမ်းပို့နိုင်တဲ့ မေတ္တာစိတ်ဓာတ်ကို နာဠာဂီရိဆင်တစ်ကောင်တည်းအပေါ်မှာသာ စုပြုံဖြန့်လွှမ်းတော်မူပါတယ်။ နာဠာဂီရိဆင်ဟာ ဘုရားရှင်၏မေတ္တာစိတ်ကို ထိခိုက်နေပြီဖြစ်လို့ ဘေးရန်ကင်းစွာ ဘုရားရှင်ရဲ့ခြေတော်အစုံမှာ ခိုလှုံတုပ်ဝပ်ပါတော့တယ်။


မေတ္တာကမ္မဋ္ဌာန်းအားထုတ်မည့်သူ သတိထားရမည့် အရေးအကြီးဆုံးအချက်ကတော့.. မေတ္တာစွမ်းအားဟာ ရှေးအခါကသာ စွမ်းတယ်၊ ယခု မစွမ်းတော့ဘူးလို့ မမှတ်ယူရဘူး၊ တရားတို့မည်သည် ပုဂ္ဂိုလ်သတ္တ၀ါ၊ အချိန်ကာလ၊ နေရပ်ဒေသဟူ၍ မရှိကောင်းပါဘူး။ အရင်လည်း စွမ်းတယ်၊ ခုလည်း စွမ်းတယ်၊ နောင်လည်း စွမ်းပါတယ်။ ဘုရားရှင်ဟောတော်မူတဲ့ တရားတော်မှန်သမျှဟာ.. တကယ်ကျင့်ကြံရင် တကယ့်ကိုပဲ အစွမ်းထက်လှပါတယ်။ ကျင့်ကြံအားထုတ်နေသူတွေ ရှိသရွေ့လည်း သာသနာဟာ မကွယ်ပျောက်ပါဘူး။ ဒါကို သေသေချာချာသိပြီး လေးလေးနက်နက် ယုံကြည်ထားမှ ထိထိရောက်ရောက်လုပ်ဖြစ်မှာပါ။ နောက်ပြီး မေတ္တာပွားများတဲ့ကံဟာလည်း ဘ၀သံသရာမှာ အလွန်ကြီးကိုပဲ အကျိုးပေးသန်လှပါတယ်ဆိုတာကို အထက်မှာ ရှင်းပြခဲ့ပြီးပါပြီနော်..။

စာဖတ်သူအပေါင်း မေတ္တာ၏ အေးချမ်းမှုများဖြင့် ပြည့်စုံကြပါစေ…

ဆက်လက်ဖတ်ရှူရန်...

မေတ္တာ၏အကျိုးကျေးဇူးများ


စာပေမှာဖော်ပြတဲ့ မေတ္တာ၏အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်တယ်…


(၁) ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်။

(၂) ကိုယ်မှာ ဖောက်ပြန်မှုမရှိဘဲ ချမ်းချမ်းသာသာ အိပ်ရာက နိုးရတယ်။

(၃) အိပ်မက်ကောင်းတွေကိုပဲ မြင်မက်နိုင်ပြီး ယုတ်ညံ့ရွံ့မုန်း ကြောက်လန့်ဖွယ် အိပ်မက်များမမက်ရဘူး။

(၄) လူအပေါင်းက ချစ်ခင်မြတ်နိုးတယ်။

(၅) မမြင်ရတဲ့ နတ်များကလည်း ချစ်ခင်ကြတယ်။

(၆) မိဘက သားသမီးကို စောင့်ရှောက်သလို နတ်များကလည်း မေတ္တာပွားသူကို

စောင့်ရှောက်ကြတယ်။

(၇) မေတ္တာဘာဝနာပွားတဲ့သူကို မီး၊ အဆိပ်၊ လက်နက်တွေရဲ့ ဘေးရန် မကျရောက်ဘူး။

(၈) မေတ္တာဘာဝနာနှင့်နေလေ့ရှိတဲ့ပုဂ္ဂိုလ်ဟာ စိတ်တည်ကြည်လွယ်ပြီး

သမာဓိဖြစ်လွယ်တယ်။

(၉) မျက်နှာ အမြဲပဲ ကြည်ကြည်လင်လင်ရှိတယ်။

(၁၀) အိပ်ပျော်သွားသလိုပဲ မတွေမဝေ မပင်မပန်း သေလွန်ရတယ်။

(၁၁) နိဗ္ဗာန်ကို မရသေးသော်လည်း ယခုလူ့ဘ၀စုတေပြီးနောက် အိပ်ပျော်ရာမှနိုးလာသလိုပဲ

ဗြဟ္မာ့ပြည်မှာ ဖြစ်ရတယ်။

မေတ္တာဘာဝနာပွားပြီးနေတဲ့သူဟာ အသက်ရှင်နေဆဲဘ၀မှာ လူချစ်တယ်၊ နတ်ချစ်တယ်၊ ကြံတိုင်းအောင်ပြီး ဆောင်တိုင်းမြောက်တယ်။ ဒါ့ကြောင့် မေတ္တာကမ္မဋ္ဌာန်းက ဘ၀မှာ နေဖို့ရော၊ သေဖို့ကိုပါ အားကိုးနိုင်လောက်တဲ့ ကမ္မဋ္ဌာန်းဖြစ်ပါတယ်။

မေတ္တာပွားပြီးနေတဲ့ပုဂ္ဂိုလ်တစ်ဦးဟာ ပတ်ဝန်းကျင်လောကတစ်ခုလုံးမှာရှိတဲ့ မြင်ရမမြင်ရသတ္တ၀ါအားလုံးရဲ့အကျိုးကို သယ်ပိုးဆောင်ရွက်နေသူလည်းဖြစ်တယ်။ သူ့ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်းချမ်းတယ်၊ အေးမြတယ်၊ နတ်များလည်း အချင်းချင်း ချစ်ခင်ကြတယ်ဆိုတဲ့ သာဓကတွေ အများကြီးရှိတယ်၊ ယုံယုံကြည်ကြည် ကြိုးကြိုးစားစား အားထုတ်ကြပါ။

နိုင်ငံခြားသွားပြီး အလုပ်လုပ်တဲ့သူတွေ ဘေးရန်ကင်းဖို့၊ အစိုးရဌာနတွေမှာ ကုမ္ပဏီတွေမှာ ရာထူးရဖို့၊ အထက်လူကြီးရဲ့ချစ်ခင်မျက်နှာသာပေးမှုရလာဖို့ဆိုပြီး အဆောင်တွေလက်ဖွဲ့တွေလုပ်ကြတာထက် မိမိရဲ့မေတ္တာဘာဝနာစွမ်းအားကိုသာ တင်းတင်းရင်းရင်း ၀ီရိယစိုက်ပြီး ကြိုးစားအားထုတ်လိုက်ကြပါ။ ရန်လည်းလုံ၊ လူလည်းချစ်၊ နတ်လည်းချစ်၊ စိတ်အကြံလည်း ပြီးမြောက်အောင်မြင်လို့ ပီယသိဒ္ဓိအောင်နေသူလို့ကို ဘေးက ထင်ရလာပါလိမ့်မယ်။ ဒီ့ထက်ကောင်းမွန်တဲ့ ယတြာလက်ဖွဲ့မရှိပါဘူး။
မေတ္တာကမ္မဋ္ဌာန်း လက်တွေ့ရှုပွားနည်း


တစ်ဖက်သားကို ချမ်းသာစေလိုတဲ့စိတ်တွေ၊ ကောင်းစားစေလိုတဲ့စိတ်တွေ၊ ဘေးရန်ကင်းစေလိုတဲ့စိတ်တွေ အကြိမ်ကြိမ် အထပ်ထပ် အဖန်ဖန် ဖြစ်စေတာကို မေတ္တာဘာဝနာလို့ ဆိုနိုင်ပါတယ်။

အဲဒီလိုစိတ်တွေပွားအောင် များအောင် အကြိမ်ကြိမ်အဖန်ဖန် ပြုလုပ်နေတာကိုတော့ မေတ္တာဘာဝနာပွားတယ်လို့ ဆိုနိုင်ပါတယ်။

စိတ်ရဲ့အပေါ်ယံပိုင်းကနေ ပွားနေရုံမျှ မဖြစ်စေဘဲ မိမိစိတ်ရဲ့ အတွင်းပိုင်း၊ အနက်ရှိုင်းဆုံးကနေ မေတ္တာပွားရင် မေတ္တာအင်အား စူးရှထက်မြက်လာမှာဖြစ်တယ်၊ နှုတ်ကနေ သာမာန်ရွတ်ဆိုရုံမျှနဲ့ မေတ္တာဘာဝနာ ပွားတယ် မမည်သေးပါဘူး။

ပါဠိ ဝေါဟာရအနေနဲ့ ပွားများမယ်ဆိုရင်တော့..

“အဝေရာ ဟောန္တု

အဗျာပဇ္ဇာ ဟောန္တု

အနီဃာ ဟောန္တု

သုခီအတ္တာနံ ပရိဟရန္တုလို့ အကြိမ် ရာထောင်မက နှလုံးသွင်း ပွားများနေရပါမယ်။

မေတ္တာကမ္မဋ္ဌာန်းရှုပွားမည့်သူဟာ မေတ္တာရဲ့အင်အား မေတ္တာရဲ့စွမ်းအင်ကို သံသယမရှိ ယုံကြည့်ဖို့က အရင်းခံ ပဓာနကျပါတယ်။ မေတ္တာကမ္မဋ္ဌာန်း ရှုပွားရာမှာ ဝေါဟာရစကားလုံးရဲ့အနက် ပေါ်လွင်ထင်ရှားမှုကလည်း အရေးပါတယ်။ ဒါ့ကြောင့် အတိုဆုံးနှင့် အနက်ထိမိပြီး အဓိပ္ပာယ်လည်း ကျယ်ပြန့်တဲ့ မြန်မာဝေါဟာရကတော့ “ကျန်းမာပါစေ၊ ချမ်းသာပါစေ”လို့ပဲ သုံးနှုန်းပြီး မေတ္တာဘာဝနာ ပွားနိုင်ပါတယ်။

ကြိုတင်သိထားရမယ့် အချက်တွေကတော့..

၁။ မေတ္တာရဲ့အင်အားစွမ်းအင်ကို ယုံကြည်ဖို့ ကြိုတင်လေ့လာဆည်းပူးထားရမယ့်အပြင်

၂။ မေတ္တာခံယူမယ့် သက်တော်ထင်ရှားပြီး မိမိအပေါ် အကျိုးကျေးဇူးကြီးမားတဲ့ လူပုဂ္ဂိုလ်၊

ရဟန်းပုဂ္ဂိုလ် (၅)ဦးခန့်ကို ဦးစွာရွေးချယ်ထားပြီး ဖြစ်ရပါမယ်။

၃။ မေတ္တာကို အရပ်မျက်နှာများနှင့် လူပုဂ္ဂိုလ်များကို ပို့လွှတ်တဲ့အခါမှာ မိမိပို့လွှတ်ရာကို

မေတ္တာလှိုင်းများ ရောက်နိုင်တယ်လို့လည်း ကြိုတင်သိထားရမယ်။

နောက်ပိုင်း မေတ္တာဘာဝနာပွားတာ အလေ့အကျင့်အားကောင်းသွားတဲ့အခါမှာတော့ မေတ္တာလှိုင်းတွေ မိမိခန္ဓာကိုယ်က ဖြာထွက်ပြီး ပို့တဲ့ဆီကို ရောက်တယ်လို့ ကိုယ်တိုင် သဘောကျနိုင်ပါတယ်။

၎။ ဒါပေမယ့် မေတ္တာပွားတဲ့နေရာမှာ ကိုယ်ကျိုးစီးပွားရလိုမှု လုံးလုံးကို မပါသင့်ပါဘူး။

မေတ္တာခံယူသူအတွက် ချမ်းသာစေလိုတဲ့စိတ်၊ ကောင်းစားစေလိုတဲ့စိတ်သာ ရှိနေရပါမယ်။

၅။ “သြဓိသမေတ္တာ” ပုဂ္ဂိုလ်ရည်ညွှန်းပြီး ပို့တဲ့အခါမှာတော့ မေတ္တာခံယူမည့်ပုဂ္ဂိုလ် မိမိရှေ့မှာ

မျက်နှာချင်းဆိုင် ထိုင်နေတယ်လို့ကို စိတ်ညွတ်ပြီး အဲဒီပုဂ္ဂိုလ် မျက်နှာသဏ္ဍာန်ကို စိတ်ထဲ ပုံဖော်မြင်အောင်ကြည့်ပြီး ရာထောင်မက မေတ္တာပွားရပါတယ်။

၆။ မေတ္တာကမ္မဋ္ဌာန်းမပွားခင် ဦးစွာ ဘုရားရှိခိုးတာ သီလခံယူဆောက်တည်တာ စတဲ့ ပုဗ္ဗကိစ္စ

ကြိုတင်ပြင်ဆင်မှုများကိုတော့ ဆောင်ရွက်မြဲအတိုင်း ဆောင်ရွက်နိုင်ပါတယ်။

၇။ အစပိုင်း လေ့ကျင့်ခါစမှာတော့ တစ်ကြိမ်ကို မိနစ်၃၀စီ သတ်မှတ်ပြီး အကြိမ်များများကို

ထိုင်တဲ့ ဣရိယာပုထ်နှင့်သာ ပွားသင့်ပါတယ်။ နေရာကျပြီဆိုရင်တော့ နောက်ပိုင်း သိပ်ကို လွယ်ကူပါတယ်။ မေတ္တာပွားပြီးနေရတာ သက်သာတယ်၊ ပေါ့ပါးတယ်၊ ငြိမ်းချမ်းတယ်၊ ဒီလိုအတွေ့အကြုံရှိလာတဲ့ ယောဂီပုဂ္ဂိုလ်ဟာ မေတ္တာကမ္မဋ္ဌာန်းကို မပွားဘဲ မနေနိုင်တော့ပါဘူး။ အလိုလိုပဲ စိတ်က မေတ္တာကမ္မဋ္ဌာန်း ပွားပြီးသားဖြစ်နေတတ်ပါတယ်။

၈။ လျောင်း၊ ထိုင်၊ ရပ်၊ သွားဆိုတဲ့ ဣရိယာပုထ် ၄မျိုးထဲမှ အလျဉ်းသင့်သလို တစ်မျိုးမျိုးနဲ့ ပို့နိုင် ပွားနိုင်ပါတယ်။ လေးလေးနက်နက်ဖြစ်ဖို့ရာအတွက်သာ ထိုင်တဲ့ဣရိယာပုထ်ကို ညွှန်ပြတာပါ။ (တိဌံစရံနိ သိန္နောဝ သယာနော- မေတ္တာသုတ်)

၉။ သေပြီးသူကို အာရုံပြုပြီး မေတ္တာမပွားရဘူး။ သေပြီးသူဟာ မေတ္တာအာရုံယူဖို့

မဖြစ်နိုင်တော့တာမို့ သေပြီးသူကို အာရုံပြုပြီး မေတ္တာမပွားရပါဘူး။

(အမျှဝေလိုက ဝေဖို့ပဲရှိပါတယ်)

၁၀။ ရှေးဦးစွာ မေတ္တာအာရုံနိမိတ်ယူပြီး မပွားရတဲ့ပုဂ္ဂိုလ်၎မျိုးကတော့

(၁) မုန်းသူ

(၂) အလွန်ချစ်သူ

(၃) မချစ်မမုန်းသူနှင့်

(၄) ရန်သူတို့ ဖြစ်တယ်။

အကြောင်းမှာ- မုန်းနေတဲ့သူ၊ ရန်သူတွေကို ချမ်းသာကောင်းစားစေလိုတဲ့စိတ်ဖြစ်ဖို့ ခက်တဲ့အပြင် ဦးစွာ မေတ္တာပို့မိရင် မေတ္တာရဲ့ဆန့်ကျင်ဘက် ဒေါသ၊ အာဃာတတို့သာ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီသူ၂ဦးကို ဦးစွာ မေတ္တာမပွားရပါဘူး။

အလွန်ချစ်ခင်တဲ့သူ အပေါ်မှာလည်း တဏှာပေမစိတ် ရင့်သန်ကြီးထွားနေလို့ မေတ္တာစိတ် မဖြစ်နိုင်ပြန်ဘူး။

အလယ်အလတ် မချစ်မမုန်းသူရဲ့အကျိုးစီးပွားကို လိုလားတဲ့မေတ္တာစိတ်ဖြစ်ဖို့လည်း ခက်ခဲပြန်ပါတယ်။

ဒါ့ကြောင့် ဒီပုဂ္ဂိုလ်မျိုးတွေကို ဦးစွာ မေတ္တာမပွားရပါဘူး။ မေတ္တာစိတ်အစစ်အမှန်ဖြစ်ပြီးတဲ့အခါမှာပဲ သူတို့ကို မေတ္တာပွားရပါမယ်။

၁၁။ ဆန့်ကျင်ဘက်လိင်(ယောက်ျားက မိန်းမကို၊ မိန်းမက ယောက်ျားကို) မေတ္တာပွားမယ်ဆိုရင်လည်း မေတ္တာစိတ်မဖြစ်ဘဲ ရာဂစိတ်ရိုင်းတွေဖြစ်လာနိုင်တဲ့အတွက် သတိပြုရပါမယ်။ သို့သော် အမျိုးသမီးများအနေနှင့် သက်တော်ထင်ရှား ကျေးဇူးရှင်ဆရာတော်ကြီးများကို မေတ္တာအာရုံထားပြီး ဘာဝနာပွားတဲ့အခါ မူမမှန်တဲ့စိတ်ရိုင်းများ မဖြစ်လာရင်တော့ မေတ္တာပွားနိုင်ပါတယ်။
အလင်းစေတမန် မှ ကူးယူဖော်ပြပေးထားဖြင်းဖြစ်ပါသည်။

ဆက်လက်ဖတ်ရှူရန်...

အဘယ်ကို မှီကုန်၍ နတ်တို့အား ပူဇော်ကြသနည်း...


ပုဏ္ဏကသည် ဤသို့ မေးလျှောက်၏...

တုန်လှုပ်မှု 'တဏှာ' ကင်းတော်မူပြီးသော အကုသိုလ် အမြစ်အရင်းကို မြင်တော် မူသော အသျှင်ဘုရားကို ပြဿနာ မေးရန် အလိုရှိသည်ဖြစ်၍ အကျွန်ုပ် ရောက်လာခဲ့ပါ၏၊ ဤလောက၌ ရသေ့တို့သည် လည်းကောင်း၊ လူတို့သည် လည်း ကောင်း၊ မင်းတို့သည် လည်းကောင်း၊ ပုဏ္ဏားတို့သည် လည်းကောင်း အဘယ်ကို မှီကုန်၍ နတ်တို့အား ယဇ်ပူဇော်မှုကို အများအပြား ပြုကြပါကုန်သနည်း မြတ်စွာဘုရား ထိုအကြောင်းကို မေးလျှောက်ပါ၏၊ ထိုအကြောင်းကို အကျွန်ုပ်အား ဟောတော်မူပါလော့။

မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏...
ပုဏ္ဏက ဤလောက၌ ရသေ့တို့သည် လည်းကောင်း၊ လူတို့သည် လည်းကောင်း၊ မင်းတို့သည် လည်းကောင်း၊ ပုဏ္ဏားတို့သည် လည်းကောင်း ဤသူအားလုံးတို့သည် လူ နတ် ဗြဟ္မာ အဖြစ်ကို တောင့်တကြကုန်လျက် နတ်တို့အား ပူဇော်မှုကို အများအပြား ပြုကြကုန်၏၊ ထိုသူအားလုံးတို့သည် ဇရာစသော ဝဋ်ဆင်းရဲကို မှီကုန်လျက် ပူဇော်မှုကို ပြုကုန်၏။

ပုဏ္ဏကသည် ဤသို့ လျှောက်၏....
မြတ်စွာဘုရား ရသေ့တို့သည် လည်းကောင်း၊ လူတို့သည် လည်းကောင်း၊ မင်းတို့သည် လည်းကောင်း၊ ပုဏ္ဏားတို့သည် လည်းကောင်း ဤသူအားလုံးတို့သည် နတ်တို့အား ပူဇော်မှုကို အများအပြား ပြုကြပါကုန်၏၊ မြတ်စွာဘုရား အသို့ပါနည်း၊ ပူဇော်မှု၌ မမေ့မလျော့ကုန်သော ထိုသူတို့ သည် ပဋိသန္ဓေနေမှုကို လည်းကောင်း အိုမှုကို လည်းကောင်း လွန်မြောက်နိုင် ပါကုန် သလော၊ ထိုအကြောင်းကို မေးလျှောက်ပါ၏၊ ထိုအကြောင်းကို အကျွန်ုပ်အား ဟောတော်မူပါလော့။

မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏...
ပုဏ္ဏက အကြင်သူတို့သည် လူ နတ် ဗြဟ္မာအဖြစ်ကို တောင့်တကုန်၏၊ လှူဖွယ်ဝတ္ထု အလှူခံပုဂ္ဂိုလ် အလှူ၏ အကျိုး အာနိသင်ကို ချီးမွမ်းကုန်၏၊ မြွက်ဆို တမ်းတကုန်၏၊ ပူဇော်ပသကြကုန်၏၊ လူ နတ်ဗြဟ္မာအဖြစ်ကို ရမှုကို စွဲ၍ ကာမတို့ ကို တမ်းတကုန်၏၊ ထိုသူတို့သည် ပူဇော်မှုကို အားထုတ်ကြ ကုန်သော်လည်း ဘဝကို တပ်စွန်းမှု 'တဏှာ' ဖြင့် တပ်မက် ကုန်သောကြောင့် ပဋိသန္ဓေနေမှု အိုမှု စသော ဝဋ် ဆင်းရဲကို မလွန်မြောက်နိုင်ကုန်ဟု ငါ ဆို၏။

ပုဏ္ဏကသည် ဤသို့ မေးလျှောက်၏...
မြတ်စွာဘုရား ထိုသူတို့သည် ပူဇော်မှုကို အားထုတ်ကြ ပါကုန်သော်လည်း ပူဇော်မှုတို့ဖြင့် ပဋိသန္ဓေနေမှု အိုမှုစသော ဝဋ်ဆင်းရဲကို အကယ်၍ မလွန်မြောက်နိုင်ကုန်ပါမူ အဘယ်သူသည် နတ်လောက လူ့လောက၌ ပဋိသန္ဓေနေမှု အိုမှု စသော ဝဋ်ဆင်းရဲကို လွန်မြောက်နိုင်ပါသနည်း၊ မြတ်စွာဘုရား ထိုအကြောင်းကို မေးလျှောက်ပါ၏၊ ထိုအကြောင်းကို အကျွန်ုပ်အား ဟောတော်မူ ပါလော့။

မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏...
ပုဏ္ဏက လောက၌ အကြင်သူအား မိမိအတွင်းအပ သဘောတရားတို့ကို ပညာဖြင့် ဆင်ခြင်၍ တစ်စုံတစ်ခုသော လောက၌ တုန်လှုပ်တတ်သော တဏှာမရှိ၊ ထိုသူသည် ကိလေသာ ငြိမ်းအေးသူ ဒုစရိုက် အခိုးကင်းသူ ဆင်းရဲကြောင်း ကိလေသာ ကင်းပြီးသူ တဏှာ ကင်းပြီးသူ ဖြစ်၍ ပဋိသန္ဓေနေမှု အိုမှုစသော ဝဋ်ဆင်းရဲကို ကူးမြောက်နိုင်၏ဟု ငါ ဆို၏။

ဆက်လက်ဖတ်ရှူရန်...

သေခြင်းတရားကို အောက်မေ့ရမည်...


အခါတစ်ပါး၌ မြတ်စွာဘုရားသည် နာတိကရွာ အုတ်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ရဟန်းတို့ကို ''ရဟန်းတို့'' ဟူ၍ ခေါ်တော်မူ၏၊ ''အသျှင် ဘုရား'' ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကြ ကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏-


ရဟန်းတို့ ''မရဏဿတိ 'သေခြင်း တရားကို အောက်မေ့မှု' ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော် အကျိုးကြီး၏၊ အာနိသင်ကြီး၏၊ အမြိုက် (နိဗ္ဗာန်)သို့ သက်ဝင်၏။ အမြိုက် (နိဗ္ဗာန်)လျှင် အဆုံးရှိ၏။

ရဟန်းတို့ သင်တို့သည် မရဏဿတိကို ပွါးများ ကုန်၏လော'' ဟု မိန့်တော်မူ၏။
ဤသို့ မိန့်တော်မူသည် ရှိသော် ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအား-
''အသျှင်ဘုရား အကျွန်ုပ်သည် မရဏဿတိကို ပွါးများပါ၏'' ဟု လျှောက်၏။ ရဟန်း သင်သည် မရဏဿတိကို အဘယ်သို့လျှင် ပွါးများသနည်း ဟု မေးတော်မူ၏။

အသျှင်ဘုရား အကျွန်ုပ်အား ဤအကြံသည် ဖြစ်ပါ၏-

''ငါသည် တစ်နေ့ တစ်ညဥ့်မျှ အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံးသွင်း ရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်း ကိစ္စကို) များစွာ ပြုအပ်သည် ဖြစ်ရာ၏'' ဟု (အကြံ ဖြစ်ပါ၏)။ အသျှင်ဘုရား ဤသို့လျှင် အကျွန်ုပ်သည် မရဏဿတိကို ပွါးများပါ၏ ဟု (လျှောက်၏)။


ရဟန်းတစ်ပါးသည်လည်း မြတ်စွာဘုရားအား-
''အသျှင်ဘုရား အကျွန်ုပ်သည်လည်း မရဏဿတိကို ပွါးများပါ၏'' ဟု လျှောက်၏။ ရဟန်း သင်သည် မရဏဿတိကို အဘယ်သို့လျှင် ပွါးများသနည်း ဟု မေးတော်မူ၏။

အသျှင်ဘုရား အကျွန်ုပ်အား ဤအကြံသည် ဖြစ်ပါ၏-

''ငါသည် တစ်နေ့မျှ အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမ တော်ကို နှလုံးသွင်းရ လေရာ၏၊ ငါ့အား စင်စစ် ရဟန်းကိစ္စကို များစွာ ပြုအပ် သည် ဖြစ်ရာ၏'' ဟု အကြံ ဖြစ်ပါ၏။ အသျှင်ဘုရား ဤသို့လျှင် အကျွန်ုပ်သည် မရဏဿတိကို ပွါးများပါ၏'' ဟု လျှောက်၏။

ရဟန်းတစ်ပါးသည်လည်း မြတ်စွာဘုရားအား-
''အသျှင်ဘုရား အကျွန်ုပ်သည်လည်း မရဏဿတိကို ပွါးများပါ၏'' ဟု လျှောက်၏။ ရဟန်း သင်သည် မရဏဿတိကို အဘယ်သို့လျှင် ပွါးများသနည်း ဟု (မေးတော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ်အား ဤအကြံသည် ဖြစ်ပါ၏-

''ငါသည် ဆွမ်းတစ်ထပ် စားချိန်အတွင်း အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံး အမတော်ကို နှလုံးသွင်းရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည် ဖြစ်ရာ၏''ဟု (အကြံဖြစ်ပါ၏)။
အသျှင်ဘုရား ဤသို့လျှင် အကျွန်ုပ်သည် မရဏဿတိကို ပွါးများပါ၏ ဟု (လျှောက်၏)။

ရဟန်းတစ်ပါးသည်လည်း မြတ်စွာဘုရားအား-
''အသျှင်ဘုရား အကျွန်ုပ်သည်လည်း မရဏဿတိကို ပွါးများပါ၏'' ဟု လျှောက်၏။ ရဟန်း သင်သည် အဘယ်သို့လျှင် မရဏဿတိကို ပွါးများသနည်း ဟု မေးတော်မူ၏။

အသျှင်ဘုရား အကျွန်ုပ်အား ဤအကြံသည် ဖြစ်ပါ၏-

''ငါသည် လေးလုတ် ငါးလုတ်သော ဆွမ်းကို ဝါးမျိုနေချိန်အတွင်း အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံး သွင်းရလေရာ၏၊ ငါ့အား စင်စစ် ရဟန်းကိစ္စကို များစွာ ပြုအပ်သည် ဖြစ်ရာ၏'' ဟု အကြံ ဖြစ်ပါ၏။ အသျှင်ဘုရား ဤသို့လျှင် အကျွန်ုပ်သည် မရဏဿတိကို ပွါးများပါ၏ ဟု လျှောက်၏။

ရဟန်းတစ်ပါးသည်လည်း မြတ်စွာဘုရားအား-
''အသျှင်ဘုရား အကျွန်ုပ်သည်လည်း မရဏဿတိကို ပွါးများပါ၏'' ဟု လျှောက်၏။ ရဟန်း သင်သည် မရဏဿတိကို အဘယ်သို့လျှင် ပွါးများသနည်း ဟု မေးတော်မူ၏။

အသျှင်ဘုရား အကျွန်ုပ်အား ဤအကြံသည် ဖြစ်ပါ၏-
''ငါသည် ဆွမ်းတစ်လုတ်မျှကို ဝါးမျိုးနေချိန်အတွင်း အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံးသွင်းရလေရာ၏၊ ငါ့အား စင်စစ် ရဟန်းကိစ္စကို များစွာ ပြုအပ်သည် ဖြစ်ရာ၏'' ဟု အကြံ ဖြစ်ပါ၏။ အသျှင်ဘုရား ဤသို့လျှင် အကျွန်ုပ်သည် မရဏဿတိကို ပွါးများပါ၏ ဟု လျှောက်၏။

ရဟန်းတစ်ပါးသည်လည်း မြတ်စွာဘုရားအား-
''အသျှင်ဘုရား အကျွန်ုပ်သည်လည်း မရဏဿတိကို ပွါးများပါ၏'' ဟု လျှောက်၏။ ရဟန်း သင်သည် မရဏဿတိကို အဘယ်သို့လျှင် ပွါးများသနည်း ဟု မေးတော်မူ၏။

အသျှင်ဘုရား အကျွန်ုပ်အား ဤအကြံသည် ဖြစ်ပါ၏-
''ငါသည် ဝင်သက်ရှု၍ ထွက်သက်ထုတ်ချိန် ထွက်သက်ထုတ်၍ ဝင်သက်ရှုချိန် အတွင်း အသက်ရှင်ရပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံး သွင်းရလေရာ၏၊ ငါ့အား စင်စစ် ရဟန်းကိစ္စကို များစွာ ပြုအပ်သည် ဖြစ်ရာ၏'' ဟု အကြံဖြစ်ပါ၏။ အသျှင်ဘုရား ဤသို့လျှင် အကျွန်ုပ်သည် မရဏဿတိကို ပွါးများပါ၏ ဟု လျှောက်၏။

ဤသို့ လျှောက်ကုန်သည်ရှိသော် ...
မြတ်စွာဘုရားသည် ရဟန်းတို့အား ဤစကားကို မိန့်တော်မူ၏-

ရဟန်းတို့ ''ငါသည် တစ်နေ့ တစ်ညဥ့်မျှ အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံး သွင်းရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည် ဖြစ်ရာ၏''ဟု မရဏဿတိကို ပွါးများသော ရဟန်း၊

''ငါသည် တစ်နေ့ အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမ တော်ကို နှလုံး သွင်းရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်း ကိစ္စကို) များစွာ ပြုအပ် သည် ဖြစ်ရာ၏'' ဟု မရဏဿတိကို ပွါးများသော ရဟန်း၊

''ငါသည် ဆွမ်းတစ်ထပ် စားချိန်အတွင်း အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံးသွင်း ရလေရာ၏၊ ငါ့အားစင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည် ဖြစ်ရာ၏'' ဟု မရဏဿတိကို ပွါးများသော ရဟန်း၊

''ငါသည် လေးလုတ် ငါးလုတ်သော ဆွမ်းကို ဝါးမျိုနေချိန်အတွင်း အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံး သွင်းရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာပြုအပ်သည် ဖြစ်ရာ၏'' ဟု မရဏဿတိ ကို ပွါးများသော ရဟန်း၊

ဤရဟန်းတို့ကို မေ့လျော့စွာ နေကြကုန်၏ ဟူ၍ လည်းကောင်း၊ အာသဝေါတရား ကုန်ခန်းရန် နုံ့နှေးစွာ မရဏဿတိကို ပွါးများကုန်၏ ဟူ၍ လည်းကောင်း ဆိုအပ်ကုန်၏။

ရဟန်းတို့ ငါသည် ဆွမ်းတစ်လုတ်တည်းကို ဝါးမျိုနေချိန်အတွင်း အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံးသွင်းရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည် ဖြစ်ရာ၏'' ဟု မရဏဿတိကို ပွါးများသော ရဟန်း၊

'ငါသည် ဝင်သက်ရှူ၍ ထွက်သက် ထုတ်ချိန် ထွက်သက်ထုတ်၍ ဝင်သက်ရှူချိန် အတွင်း အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံးသွင်း ရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည် ဖြစ်ရာ၏'' ဟု မရဏဿတိကို ပွါးများသော ရဟန်း၊

ဤရဟန်းတို့ကို မမေ့မလျော့နေကြကုန်၏ ဟူ၍ လည်းကောင်း၊ အာသဝေါတရား ကုန်ခန်းရန် ထက်သန်စွာ မရဏဿတိကို ပွါးများကုန်၏ ဟူ၍ လည်းကောင်း ဆိုအပ်ကုန်၏။

ရဟန်းတို့ ထို့ကြောင့်လျှင် ဤသို့ ကျင့်ရမည် ''မမေ့မလျော့ နေကုန်အံ့၊ အာသဝေါ တရားတို့ ကုန်ခန်းရန် ထက်သန်စွာ မရဏဿတိကမ္မဋ္ဌာန်းကို ပွါးများကုန်အံ့'' ဟူ၍ (ကျင့်ရမည်)။

ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည် ဟု (မိန့်တော်မူ၏)။

ဆက်လက်ဖတ်ရှူရန်...

အပူဓါတ်ဆိုတာ ဘာလဲ


ထိုအပူဓါတ် ဟူသည်လည်း တစ်ယောက်နှင့်တစ်ယောက် မညှာတာနိုင်အောင် ဖြစ်နေသော လောဘ၊ ဒေါသ၊ မာန်မာန နှင့် ဣဿ၊ မစ္ဆရိယ စသည်တို့ပင်တည်း ။ ထို့အပူဓါတ်သည် ယခု ဘဝတွင်သာ ခြောက်ကပ်စေသည်မဟုတ်၊ သံသရာ တစ်လျောက် နောက်နောင်ဘဝ၌လည်း ခြောက်ကပ်စေလိမ့်မည်သာ။ ထို့ကြောင့်ထိုအပူုဓါတ်တွေကို ယခုဘဝက စွမ်းနိုင်သမျှငြိမ်းသက်လျှက် မြင့်မြတ်သော စိတ်ထားဖြင့်

မေတ္တာ ၊ ကရုဏာ၊ မုဒီတာ -ဟုသောဗြဟ္မစိုရ်အအေးဓါတ် မပြတ်စိမ့်စိုအောင် ကြိုးစားသင့်ကြပေသည် ။

သံသရာဆိုတာ ဘာလဲ
သံသရာတစ်လျှောက် ဟုသော စကားအရ သံသရာဆိုတာ ဘာလဲ ဟု စဥ်းစားဖွယ်ရှိ၏ ။ သတ္တဝါတို့  တည်နေရာ ဤကမ္ဘာလောကကြီးကို သံသရာ ဟုခေါ်မည်မဟုတ် ။ စိတ် စေတသိပ် ရုပ်တရားတို့ တစ်ခုပြီးတစ်ခု ဆက်ကာ ဆက်ကာ ဖြစ်နေမှု့ကိုသာ သံသရာ ဟုခေါ်သည်။

လူ နတ် ဗြဟ္မာ ဆိုတာ ဘာလဲ
စိတ် စေတသိပ် ၂ ပါးကို နာမ်တရားဟု ခေါ်၏။ ထိုနာမ်တရားနှင့် ရုပ်တရားတို့ ပေါင်းစပ်၍ ဆက်ကာ ဆက်ကာ ဖြစ်ပျက် နေသော အစဉ်အတန်းကိုပင် လူ ၊ နတ် ၊ ဗြဟ္မာဟု လည်ကောင်း၊ ပုဂ္ဂိုလ်၊ သတ္တဝါ၊ ငါ၊
သူ၊ ယောင်္ကျား၊ မိန်းမ ဟု လည်ကောင်း ခေါ်ကြရသည်။ စင်စစ်မှာ ရုပ်နာမ် ၂ ပါးကို ဖယ်ထား
လျှင် လူ၊ နတ် ၊ ဗြဟ္မာ သတ္တဝါ ဟူ၍ သိခြား မရှိတော့ချေ။

ရုပ် နာမ်တို့ ဘာကြောင့် ဖြစ်ကြသလဲ
ရုပ်နာမ် တရားအစုတိုရ၏ ဆက်ကာ ဆက်ကာဖြစ်ပျက်နေခြင်းမှာလည်း အကြောင်းမဲ သက်သက်ဖြစ်ပျက်နေကြသည်မဟုတ်။ မိမိတို့ အပြင်ဘက်မှာ အမြဲတွေ့ကြုံနေရသော အာရုံများနှင့် မိမိတို့
သန္တာန်ဝယ် ရှေးရှေးက ဖြစ်နှင့်သော ကံများကြောင့်သာ ရုပ် နာမ် တရားတို့ဆက်လက်၍ဖြစ်ပွားနေကြသည်။
ထို့ကြောင့် ရုပ်နာမ်ဖြစ်ဖို့ရာ အပြင်ဘက်က အာရုံအကြောင်း၊ ရှေးရှေးက ကံအကြောင်းဟု အကြောင်း ၂ မျိုး ရှိသည်။


အရေးကြီးသော အကြောင်း
ထို ၂ မျိုးသော အကြောင်းတို့တွင် အပြင်ဘက်၌ တွေ့ကြုံရသော အာရုံအကြောင်းများသည် အတွင်းစိတ်အမျိုးမျိုးဖြစ်အောင် အရိပ်အရောင် ပြရုံသာ ဖြစ်၍ အရေးမကြီးလှ။ ကောင်းကောင်းဆိုးဆိုး အပြင်
အာရုံတစ်မျိုးမျိုး နှင့် တွေ့ရာဝယ် မိမိ၏ အတွင်း စိတ်ဓါတ် ကောင်းမွန်ဖို့သာ အရေးကြီးပေသည်။
ဆိုလိုရင်းမှာ မိမိတို့ အတွင်းစိတ်က အမြဲကောင်းမွန် နေပါမူ နောက်နောင် ဘဝ၌ ဖြစ်သမျှ ရုပ်နာမ်တို့ အကောင်းချည်းသာ ဖြစ်ရပေမည်။ တစ်ဘဝ ပြောင်းသော်လည်း စိတ်ကောင်း ၊ ရုပ်ကောင်း (လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအကောင်း) ချည်း ဖြစ်ရ၏ ။ မိမိတို့ အတွင်းစိတ်က ယုတ်မာဆိုး၇ွားနေပါမူ (ရှေ့ရှေ့တုန်းက စိတ်ကောင်းအတွက် ယခုဘဝမှာ ကောင်းလျက်ရှိပါသော်လည်း ) နောက်နောင်ဘဝတို့၌ စိတ်ဆိုး ၊ ရုပ်ဆိုး (ငရဲ ၊ ပြိတ္တာ၊ တိရိစ္ဆာန် မျိုး ) ချည်းသာ ဖြစ်ရမည်ဟု ဆိုလိုသည်။
ဤ စာသားများကို အရှင်ဇနကာဘိဝံသ ၏ ကိုယ့်ကျင့်အဘိဓမ္မာ စာအုပ်မှ ဖတ်ရူ ရေးသား ၊ ကူးယူး ထားခြင်းဖြစ်ပါသည်။

ဆက်လက်ဖတ်ရှူရန်...

ပွင့်တော်မူပြီးသောဘုရားရှင်များ


(၁) တဏှင်္ကရာဘုရား= ဒုက္ခရစရိယာခုနှစ်ရက်ကျင့်တော်မူ၏၊စရည်းပင်၌ပွင့်တော်မူ၍သက်တော်

တစ်သိန်းနေတော်မူ၏။
(၂) မေဓင်္ကရာဘုရား= ဒုက္ကရစရိယာ လခွဲကျင့်တော်မူ၏၊ ပေါက်ပင်၌ ပွင့်တော်မူ၍ သက်တော်ကိုး
သောင်းနေတော်မူ၏။
(၃) သရဏင်္ကရာဘုရား= ဒုက္ကရစရိယာတစ်လကျင့်တော်မူ၏၊ သခွပ်ပင်၌ ပွင့်တော်မူ၍သက်တော်
ရှစ်သောင်းနေတော်မူ၏။
(၄) ဒီပင်္ကရာဘုရား= ဒုက္ခရစရိယာခုနှစ်ရက်ကျင့်တော်မူ၏၊ ညောင်ကြတ်ပင်၌ ပွင့်တော်မူ၍ သက်
တော်တစ်သိန်းနေတော်မူ၏။
(၅) ကောဏ္ဍညဘုရား= ဒုက္ကရစရိယာဆယ်လကျင့်တော်မူ၏၊ ကြောင်လျှာပင်၌ ပွင့်တော်မူ၍ သက်
တော်တစ်သိန်းနေတော်မူ၏။
(၆) မင်္ဂလဘုရား= ဒုက္ကရစရိယာ ရှစ်လကျင့်တော်မူ၏၊ ကံကော်ပင်၌ ပွင့်တော်မူ၍ သက်တော်ကိုး
သောင်းနေတော်မူ၏။
(၇) သုမနဘုရား= ဒုက္ကရစရိယာဆယ်လကျင့်တော်မူ၏၊ ကံ့ကော်ပင်၌ ပွင့်တော်မူ၍သက်တော်ကိုး
သောင်းနေတော်မူ၏။
(၈) ရေ၀တဘုရား= ဒုက္ကရစရိယာခုနှစ်လ၊ ကံ့ကော်ပင်၌ ပွင့်တော်မူ၍ သက်တော်ခြောက်သောင်း
နေတော်မူ၏။

(၉)သောဘိတဘုရား=ဒုက္ကရစရိယာခုနှစ်ရက်ကျင့်တော်မူ၏၊ကံ့ကော်ပင်၌ ပွင့်တော်မူ၍သက်တော်
ကိုးသောင်းနေတော်မူ၏။
(၁၀) အနောမဒဿီဘုရား= ဒုက္ကရစရိယာ ဆယ်လကျင့်တော်မူ၏၊ ထောက်ကြံ့ပင်၌ ပွင့်တော်မူ၍
သက်တော်တစ်သိန်းနေတော်မူ၏။

(၁၁) ပဒုမဘုရား= ဒုက္ကရစရိယာရှစ်လ၊ကြောင်လျှာပင်၌ပွင့်တော်မူ၍သက်တော်တစ်သိန်းနေတော်
မူ၏။
(၁၂) နာရဒဘုရား=ဒုက္ကရစရိယာခုနှစ်ရက်၊ကြောင်လျှာပင်၌ပွင့်တော်မူ၍သက်တော်ကိုးသောင်းနေ
တော်မူ၏။
(၁၃) ပဒုမုတ္တရဘုရား= ဒုက္ကရစရိယာခုနှစ်ရက်၊ ထင်းရှူးပင်၌ပွင့်တော်မူ၍ သက်တော်တစ်သိန်းနေ
တော်မူ၏။
(၁၄) သုမေဓဘုရား= ဒုက္ကရစရိယာလခွဲ(ရှစ်လ)၊ ထိမ်ပင်၌ပွင့်တော်မူ၍ သက်တော်ကိုးသောင်းနေ
တော်မူ၏။
(၁၅) သုဇာတဘုရား=ဒုက္ကရစရိယာကကိုးလ၊ ၀ါးပင်၌ပွင့်တော်မူ၍ သက်တော်ကိုးသောင်းနေတော်
မူ၏။
(၁၆) ပီယဒဿီဘုရား=ဒုက္ကရစရိယာခြောက်လ၊ရေခံတက်ပင်၌ပွင့်တော်မူ၍သက်တော်ကိုးသောင်း
နေတော်မူ၏။
(၁၇)အတ္တဒဿီဘုရား=ဒုက္ကရစရိယာရှစ်လ၊စကားပင်၌ပွင့်တော်မူ၍သက်တော်တစ်သိန်းနေတော်မူ
၏။
(၁၈) ဓမ္မဒဿီဘုရား=ဒုက္ကရစရိယာခုနှစ်ရက်၊လိပ်ဆူးရွေပင်၌ပွင့်တော်မူ၍သက်တော်တစ်သိန်းနေ
တော်မူ၏။
(၁၉) သိဒ္ဓတ္ထဘုရား=ဒုက္ကရစရိယာဆယ်လ၊မဟာလှေကားပင်၌ပွင့်တော်မူ၍သက်တော်တစ်သိန်းနေ
တော်မူ၏။
(၂၀)တိဿဘုရား=ဒုက္ကရစရိယာရှစ်လ၊ပိတောက်ပင်၌ပွင့်တော်မူ၍သက်တော်တစ်သိန်းနေတော်မူ
၏။
(၂၁) ဖုဿဘုရား= ဒုက္ကရစရိယာခြောက်လ၊ သျှိသျှားပင်၌ပွင့်တော်မူ၍ သက်တော်ကိုးသောင်းနေ
တော်မူ၏။
(၂၂) ၀ိပဿီဘုရား= ဒုက္ကရစရိယာရှစ်လ၊ သခွတ်ပင်၌ပွင့်တော်မူ၍သက်တော်ရှစ်သောင်းနေတော်
မူ၏။
(၂၃)သိခီဘုရား=ဒုက္ကရစရိယာရှစ်လ၊သရက်ဖြူပင်၌ပွင့်တော်မူ၍သက်တော်ခုနှစ်သောင်းနေတော်
မူ၏။
(၂၄) ဝေဿဘူဘုရား= ဒုက္ကရစရိယာခြောက်လ၊ အင်းကြင်းပင်၌ပွင့်တော်မူ၍ သက်တော်ခြောက်
သောင်းနေတော်မူ၏။
(၂၅)ကကုသန်ဘုရား=ဒုက္ကရစရိယာရှစ်လ၊ကုက္ကိုပင်၌ပွင့်တော်မူ၍သက်တော်လေးသောင်းနေတော်
မူ၏။
(၂၆)ကောဏာဂုံဘုရား=ဒုက္ကရစရိယာခြောက်လ၊ရေသဖန်းပင်၌ပွင့်တော်မူ၍သက်တော်သုံးသောင်း
နေတော်မူ၏။
(၂၇) ကဿပဘုရား= ဒုက္ကရစရိယာခုနှစ်ရက်၊ ပညောင်ပင်၌ပွင့်တော်မူ၍သက်တော်နှစ်သောင်းနေ
တော်မူ၏။
(၂၈) ဂေါတမဘုရား= ဒုက္ကရစရိယာ ခြောက်နှစ်၊ ညောင်ဗုဒ္ဓေဟေပင်၌ ပွင့်တော်မူ၍ သက်တော်ရှစ်
ဆယ်နေတော်မူ၏။

ဆက်လက်ဖတ်ရှူရန်...

ကောသလမင်း အိပ်မက် ၁၆ ချက်


ကျွန်တော် အရင်ကတော့ ကောသလမင်း အိပ်မက် ၁၆ ချက် ကို အတိအကျ အားလုံး မသိခဲ့ပါဘူး ။ စာအုပ်တွေ ကို လိုက်ဖတ်ပါများလာတော့ ဘာသာရေးနှင့် ပတ်သတ်ပြီး မှတ်သားစရာတွေ အများကြီးပါ။

သေချာ မသိသေး သူများ၊ သိသလို မသိသလို ဖြစ်နေသူများအတွက် ဖြစ်ပါတယ်။


(၁) အရပ်လေးမျက်နှာမှ လေးခုသော နွားလား ဥသဘတို့သည် လာလတ်၍ မင်းရင်ပြင်၌ ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက် မဝှေ့ပဲသာလျှင် ဖဲလေကုန်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည် ရွာအံသကဲ့သို့ ထစ်ကြိုးလျက် မရွာပဲသာလျှင် ပျောက်ပျက် ကုန်လတ္တံ့။ ထိုအခါ ကောက်ပဲသီးနှံတို့ ပျက်ဆီး၍ လူတို့၌ အစာရေစာ ရှားပါး ငတ်မွတ်ခြင်း ဖြစ်လတ္တံ့။

(၂) နုနယ်သေးငယ်စွာသော အပင်တို့သည် ပွင့်ကြ သီးကြသည်ကို မြင်မက်ပါသည်။
နောင်အခါ ဆုတ်ယုတ်သောကာလ လူတို့ အသက်တန်း တိုသော ကာလ၌ ယောင်္ကျား မိန်းမတို့သည် ထက်သန် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ငယ်ရွယ်စဉ် အခါ၌ပင် အိမ်ထောင်ပြုခြင်း၊ သားမွေးခြင်း တို့ကို ပြုကုန်လတ္တံ့။

(၃) နွားမကြီးတို့သည် မိမိတို့ မွေးစဖြစ်သော နွားမငယ်တို့၏ နို့ကို စို့သည်ဟု မြင်မက်ပါသည်။
နောင်အခါ ကြီးသောသူတို့အား အရိုအသေပြုခြင်း ပျောက်ကွယ်သော ကာလ၌ အမိအဖ၊ ယောက္ခမ စသူတို့သည် ကိုးကွယ်ရာ မရှိကုန်သည် ဖြစ်သဖြင့် မိမိတို့၏ သားသမီး သားမက် ချွေးမ စသူတို့ထံ၌ ကပ်ရပ်၍ ငြိုငြင် ညှိုးငယ်စွာ အသက်မွေးရကုန်လတ္တံ့။

(၄) လှည်းတို့၌ ဝန်ကို ဆောင်နိုင်သော နွားကြီးတို့ကို မကမူ၍ နွားငယ်တို့ကိုသာ ကစေကုန်၏။ နွားငယ်တို့လည်း ဝန်ကို မနိုင်၍ လှည်းတို့ကိုလည်း ဆွဲခြင်းငှာ မတတ်နိုင်သည်ကို မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အသက်ကြီး ဝါကြီး ပညာရှိကုန်သော သူတို့အား အမတ်၊ တရားသူကြီး စသော ရာထူးစည်းစိမ်တို့၌ မခန့်ထားမူ၍ အသက်၊ ဝါ၊ ပညာ ငယ်ကုန်သော လူငယ်တို့အားသာ ခန့်ထားကြလတ္တံ့။ ထိုအခါ အခွင့်အရေးမသိ၊ မတော် မမှန်ဖြစ်၍ အမှု မပြီး၊ အကျိုးမပြီး ရှိသောအခါ လူငယ်တို့သည် မိမိတို့၏ ရာထူး စည်းစိမ်ကို စွန့်ကြလတ္တံ့။ လူကြီးတို့သည်လည်း ငါတို့မှာ ပြင်ပကသာ ဖြစ်၏ဟု လျစ်လျှုပြု၍ နေကြလကုန်လတ္တံ့။ သို့ဖြစ်၍ တရားမစောင့် အမှုမပြီးကြသည်နှင့် မင်းနှင့်တကွ တိုင်းပြည်ပါ ဆုတ်ယုတ် ပျက်ဆီးကြလတ္တံ့။

(၅) ခံတွင်း နှစ်ခုရှိသော မြင်းသည် ကျွေးလာသော မုယောစပါး စသည်တို့ကို ခံတွင်းနှစ်ခုဖြင့်ပင် စားသည်ဟု မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့လက်ထက်၌ တရားမစောင့်သော တရားသူကြီးတို့သည် နှစ်ဖက်သော အမှုသည်တို့မှ ပေးသော တံစိုးလက်ဆောင်တို့ကို စား၍ အမှုတို့ကို မမှန်မကန် ဆုံးဖြတ်ကြကုန်လတ္တံ့။

(၆) အဖိုးတသိန်း ထိုက်သော ရွှေခွက်ကို မြေခွေးဖိုအား ကျင်ငယ်စွန့်ရန် ပေး၏။ မြေခွေးလည်း ထိုရွှေခွက်၌ ကျင်ငယ်စွန့်သည်ဟု မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အမျိုးမြတ်သော သူတို့သည် အချီးအမြှောက် မခံရ၊ ဆင်းရဲကြ၍ အမျိုးယုတ်သော သူတို့ အစိုးတရ ကြွယ်ဝ ချမ်းသာကြလတ္တံ့။ ထိုအခါ အမျိုးမြတ်တို့ အသက် မွေးခြင်းငှာ မတတ်နိုင်ကုန်သည် ဖြစ်၍ မိမိတို့ သမီးတို့ကို အမျိုးယုတ်တို့အား ပေး၍ အသက်မွေး ကြကုန်လတ္တံ့။

(၇) တယောက်သော ယောင်္ကျားသည် အင်းပျဉ်၌ ထိုင်လျက် လွန်ကို ကျစ်၍ ခြေရင်း၌ ထား၏။ ထို အင်းပျဉ်အောက်၌ရှိသော ဆာလောင်သော မြေခွေးမသည် ထိုယောင်္ကျား မသိစဉ်လျှင် ထိုလွန်ကို စား၏ ဟု မြင်မက်ပါသည်။
နောင်အခါ မိန်းမတို့သည် အစားအသောက်၊ အဝတ်၊ အနေအထိုင် စသည်တို့၌ လော်လည်ခြင်း ရှိ၍ မိမိတို့ လင်ယောင်္ကျားသည် ဆင်းရဲငြိုငြင်စွာ ရှာဖွေ စုဆောင်းအပ်သော ဥစ္စာ ပစ္စည်းတို့ကို အဝတ်အစား၊ အစားအသောက် တို့၌ လည်းကောင်း၊ သောက်စား ကစားခြင်းတို့၌ လည်းကောင်း၊ အပျော်အပါးတို့၌ လည်းကောင်း၊ သဘောက် လင်ငယ်ထားခြင်း တို့၌ လည်းကောင်း အရမ်းမဲ့လျှင် ဖြုန်းတီးလေလတ္တံ့။ ခွေးမသည် မသိ စဉ်းစား သကဲ့သို့ အိမ်သူ မိန်းမတို့သည် ဤသို့ တိတ်တဆိတ် ဖြုန်းတီး ခိုးစားကြလတ္တံ့။

(၈) ရေမရှိသော အိုးတို့ဖြင့် ခြံရံအပ်သော ရေပြည့်အိုးကြီး တလုံးကို မြင်ရ၏။ လူတို့သည် အရပ် ၈ မျက်နှာမှ ရေကို ယူလာကြ၍ ထိုရေပြည့်အိုးကြီး အတွင်းသို့သာလျှင် လောင်းထည့် ကြ၏။ လောင်းထည့်သော ရေတို့သည် ပြည့်လျှံ၍ ကျကုန်၏။ ဤသို့လျှင် အဖန် တလဲလဲ ရေပြည့်အိုးသို့သာ လောင်းလျှက် ရေမရှိသော အခြံအရံ အိုးတို့ အတွင်းသို့ကား မည်သူမျှ မလောင်း မထည့်ပဲ နေသည်ကို မြင်မက်ပါသည်။
နောင်အခါ မကောင်းသော မင်းတို့ လက်ထက်၌ မင်းနှင့်တကွ လူတို့ တရားပျက်ကွက်၊ သြဇာညံ့ဖျင်း၊ ဆင်းရဲခြင်းသို့ ရောက်ကြကုန်လတ္တံ့။ ထိုအခါ မင်းအစိုးရတို့သည် ဆင်းရဲသားတို့အား မင်း၏ အကျိုးစီးပွား အတွက်ကိုသာ လုပ်ကိုင်စေအံ။ ဆောင်ရွက် စေအံ။ ထမ်းရွက်စေအံ။ သို့ဖြစ်ရကား မင်းတို့၌သာ ပြည့်စုံ အကျိုးခံစားကြရ၍ ဆင်းရဲသားတို့မှာ ရေမရှိသော အိုးတို့ပမာ တစုံတရာ မရှိ ငတ်မွတ် ခေါင်းပါးခြင်းသို့ ရောက်ကုန်လတ္တံ့။

(၉) နက်ရှိုင်း ကျယ်ဝန်းသော ရေကန်ကြီး တခုတွင် သတ္တဝါတို့ ဆင်း၍ ရေသောက်ကြ၏။ ကန်၏ အလယ် ရေနက်ရာ၌ ရေသည် နောက်၍ ကန်နားဝန်းကျင် ရေတိမ်ရာ သတ္တဝါတို့ နင်းရာ၌ ရေသည် ကြည်လင်၏ဟု မြင်မက်ပါသည်။
နောင်အခါ တရားမစောင့်သော မင်းတို့သည် မတရား အုပ်စိုးခြင်း၊ တံစိုးစားခြင်း၊ လော်လည်ခြင်း၊ သနားညှာတာ ဂရုဏာ မဲ့ခြင်း၊ ကြမ်းကြုတ် ရက်စက်ခြင်းတို့ ရှိလျှက် လူတို့အပေါ်၌ အထူးထူး အပြားပြားသော အချင်းအရာဖြင့် အခွန်အတုတ်တို့ကို ခွဲခန့် ကောက်ယူလတ္တံ့။ ထိုအခါ လူတို့မှာ တစ်စုံတစ်ရာ မပေးဆောင်နိုင် ပင်ပန်းဆင်းရဲလျက် မြို့ကြီးရပ်ကြီးတို့၌ မနေနိုင်ပဲ ရပ်စွန် ပြည်နားသို့ သွားရောက်နေကြရသည် ဖြစ်လတ္တံ့။ ကန်အလယ်တွင်နောက်၍ ကန်ဘေးတွင် ကြည်သကဲ့သို့ မြို့လယ်ရွာလယ်၌ တိတ်ဆိတ်၍ ရပ်စွန်ပြည်နား၌ လူစည်ကားလတ္တံ့။

(၁၀) တစ်လုံးတည်းသော အိုးဖြင့် တချိန်တည်းချက်သော ထမင်းသည် အချို့ပျော့၏၊ အချို့ မနပ်၊ အချို့နပ်၏။ ဤသို့ မြင်မက်ပါသည်။
နောင် တရား မစောင့်သော မင်းတို့ လက်ထက်၌ မိုးကွက်ကြား ရွာလတ္တံ့။ ထိုအခါ အချို့နေရာ၌ မိုးရွာလွန်း၍ ကောက်ပဲသီးနှံ ပျက်အံ။ အချို့နေရာ၌ မရွာ၍ ပျက်အံ။ အချို့နေရာ တွင်ကား မိုးမှန်၍ ကောင်းအံ။ ဤသို့လျှင် ထမင်းအိုးတွင် မြင်သော ထမင်းကဲ့သို့ ကောက်ပဲသီးနှံ သုံးထွေ ပြားလတ္တံ့။


(၁၁) အဖိုးတသိန်းထက်သော စန္ဒကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစားသည်ကို မြင်မက်ပါသည်။
နောင်အခါ ငါဘုရား၏ သာသနာတော် ဆုတ်ယုတ်သော ကာလတွင် လော်လည်၍ လာဘ်လာဘကို မက်မော ကုန်သော ရဟန်းအလဇ္ဇီ လူအလဇ္ဇီတို့သည် ဆွမ်း၊ ဆေး၊ ကျောင်း၊ သင်္ကန်း ဥစ္စာပစ္စည်း စသည် တို့ကို အလိုရှိကုန်သည် ဖြစ်၍ လမ်းခရီးဆုံ၊ အိမ်ဝ၊ အိမ်ကြို အိမ်ကြားတို့၌ ငါဘုရား၏ တရားတော်ကို ဟောကြားလတ္တံ့။ နိဗ္ဗာန် အလို့ငှာ ဟောတော် မူအပ်သော အလွန် မွန်မြတ်သော တရားတော်ကို တစ်ပဲ၊ တစ်မူး၊ တစ်ကျပ် စသည်တို့ အကျိုးငှာ ရောင်းစား ဟောပြော ကြသည် ဖြစ်၍ တသိန်းထိုက်သော စန္ဒာကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစား သကဲ့သို့ ဖြစ်ကုန်လတ္တံ့။

(၁၂) ဘူးတောင်းတို့သည် ရေ၌ နစ်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ကိုသာ ရာထူး စည်းစိမ် ပေးသည် ဖြစ်၍ အမျိုးယုတ်တို့ တန်ခိုး အာဏာ ကြီးမား ထင်ပေါ် အရာရာတွင် တွင်ကျယ်လျက် ၄င်းတို့ စကားသာလျှင် ဘုးတောင်း နစ်သကဲသို့ နစ်၍ တည်ကုန်လတ္တံ့။

(၁၃) ကျောက်ဖျာကြီး ရေတွင်ပေါ်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ တော်မှန် လိမ္မာ ပညာရှိသော သူတို့၏ စကားသည် မည်သည့် အရာ၌ မဆို လေးသော ကျောက်ဖျာ ရေတွင် ပေါ်သကဲ့သို့ နစ်တည် ခြင်းမရှိ၊ မခိုင်မမြဲ ရှိကြကုန် လတ္တံ့။

(၁၄) ဖားငယ်မ တို့သည် ကြီးစွာသော မြွေဟောက်ကြီးများကို စားမြိုသည်ဟု မြင်မက်ပါသည်။
နောင်အခါ လူတို့သည် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ကိလေသာ အလိုသို့ လိုက်လျက် ငယ်ရွယ်ကုန်သော မယားတို့၏ အလိုသို့ လုံးဝ လိုက်ကြကုန် လတ္တံ့။ အလုပ်အကိုင်မှု၊ ဥစ္စာ ပစ္စည်းမှု၊ ကျေးကျွန်မှု၊ စီမံခန့်ခွဲမှု စသော အရပ်ရပ်တို့၌ လင်ပေါ်တွင် လွှမ်းမိုး အုပ်စိုးခြင်းကို ပြုကြမည် ဖြစ်ရကား ဖားငယ်မသည် အဆိပ်လျင်သော မြွေကို စားမျိုသကဲ့သို့ ဖြစ်ကုန်လတ္တံ့။

(၁၅) မည်းနက် ရုပ်သွင်၊ အဆင်း ဆိုးဝါးသော ကျီးတို့ကို ရွှေ၏ အဆင်းနှင့် တူသော ရွှေဟင်္သာ တို့က ခြံရံ နေကြသည်ကို မြင်မက်ပါသည်။
နောင်အခါ အားနည်းသော မင်းတို့ လက်ထက်၌ ထိုမင်းတို့သည် ဆင်စီး မြင်းစီး စသော အတတ်တို့၌ မလိမ္မာ၍ စစ်ထိုးခြင်း၌ မရဲရင့်ဘဲ ဖြစ်ကြကုန်လတ္တံ့။ ထိုအခါ တိုင်းပြည် နိုင်ငံ ဆုံးရှုံးမည်ကို စိုး၍ တူသော ဇာတ်ရှိသော သူကောင်းသား တို့အား အစိုးရခြင်းကို မပေးမူ၍ မိမိတို့ထံ၌ ခစား ကြကုန်သော အမျိုး ယုတ်သော ကျေးကျွန်တို့အားသာ ပေးကုန်လတ္တံ့။ သို့ဖြစ်၍ အမျိုးကောင်းသားတို့ ကိုးကွယ်ရာ မရှိပဲ အစိုးရခြင်း၌ တည်ကုန်သော အမျိုးယုတ်တို့ထံ၌ ခစားကြကုန် လတ္တံ့။

(၁၆) ဆိတ်တို့သည် သစ်ကို သတ်စားကြသဖြင့် သစ်တို့သည် ကြောက်လန့်လျက် ဆိတ်တို့ကို အဝေးမှ မြင်လျှင်ပင် တောချုံရှိရာသို့ ပြေးကြသည်ကို မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ အစိုးရ ကုန်သည် ဖြစ်၍ အမျိုးမြတ်သူတို့ မထင်ရှား ဖြစ်လတ္တံ့။ အမျိုးယုတ် သူတို့မှာ မင်းကျွမ်းဝင်သည် ဖြစ်၍ တရားရုံးတို့၌ သြဇာအာဏာ လွှမ်းမိုးလျက် အမျိုးမြတ်သူတို့၏ ဘိုးဘပိုင် လယ်မြေ ဥစ္စာ အရပ်ရပ်တို့ကို ငါတို့ လယ်မြေဥစ္စာ ဖြစ်သည်ဟု သိမ်းယူကြ၍ တရားတဘောင် ဖြစ်လျှင် တန်ခိုးမဲ့သူတို့အား ဖိနှိပ်ပုတ်ခတ် ခြိမ်းခြောက် နှင်ထုတ်လျက် အနိုင်ကျင့် ကြကုန်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူတို့ ကြောက်လန့် စက်ဆုတ်ကုန်သည် ဖြစ်၍ လယ်ယာ ဥစ္စာတို့ကို ပေးအပ်ကုန်လျက် အိမ်သို့ပြန်၍ အိပ်နေကြကုန်အံ။ ထိုမှ တပါးလည်း အကျင့်သီလရှိသော ရဟန်းတို့သည် အကျင့်သီလမဲ့သော ရဟန်းတို့က ချုပ်ချယ် ဖိနှိပ်ကြလေသဖြင့် တောသို့ ပြေးဝင် ပုန်းအောင်း ကြကုန်လတ္တံ့။ ဤသို့လျှင် အမျိုးကောင်း၊ သူတော်ကောင်း တို့လည်း လွတ်ရာ ကျွတ်ရာ တောတောတောင်တောင် တို့ကို ပြေးပုန်း ကြကုန်လတ္တံ့။

ဆက်လက်ဖတ်ရှူရန်...