Showing posts with label ဘာသာရေးပုံပြင်. Show all posts
Showing posts with label ဘာသာရေးပုံပြင်. Show all posts

သေမင်းကိုရှာတဲ့ လူကလေး

ကျွန်တော့ဆီကို သူငယ်ချင်း တစ်ယောက်ပို့ပေးတဲ့ ပုံပြင်လေး တစ်ပုဒ်ပါ ။ တစ်ခါတုန်းက ဆင်းရဲတဲ့ လူငယ်လေးတစ်ယောက်ဟာ သေဖို့ နေစဉ်နှင့် အမျှတွေးတောပြီး သေမင်းကို ရှာဖွေရန် ရှာပုံတော် ထွက်ခဲ့လေသည်။ လမ်းမှာ တွေ့သမျှ လူတိုင်းကို သေမင်း ဘယ်မှာလဲလို့ လိုက်မေးလေတော့ လူတွေက သူ့ကို အရှုးဆိုပြီး ထင်ကြတာပေါ့နော် ။သူဟာ ဆင်းရဲလွန်းလို့ လူ့လောကကြီးထဲမှာ မနေချင် လောက်အောင်ကို ထွက်သွားချင် နေတာပေါ့။ဒါကြောင့် လူတွေက သူ့ကို ကွေကွင်းရှောင်ရှား ကြတာပေါ့။ သူ့မေးခွန်းကို ပြန်ပြီးအဖက်လုပ် အရေးတယူ စကားတောင် ပြန်မပြော ကြဘူးလေ။ ဒီလိုနဲ့ တစ်ရွာ ၀င်တစ်ရွာထွက် သေမင်းကို လိုက်ရှာတယ်။နောက်ဆုံးမှာ ပင်လယ်ကမ်းစပ်ကို ရောက်လာတော့ သေမင်းကတော့ ဒီပင်လယ် ကမ်းစပ်မှာ ရှိနိုင်လောက်မယ်ထင်ပြီး ကမ်းစပ်တစ်လျှောက်လိုက်ရှာတယ်။

တစ်နေ့တော့ သူ့ဆီကို အဖိုးအိုတစ်ဦး တောင်ဝှေးတစ်ချောင်း အဖော်ပြုပြီး တလှမ်းခြင်း လှမ်းလာနေတာကို တွေ့လေသည်။ အဖိုးအိုက ဘယ်သွားမလို့လဲ လူငယ်ဆိုပြီး ဆင်းရဲသားလေးကို မေးတာပေါ့ ။ဒီတော့ ဆင်းရဲသားလေးက ကျွန်တော် စိတ်တွေညစ်နေလို့ပါ၊ ဒီလူ့လောကကြီးမှာလဲ မနေချင်တော့လို့ သေမင်းကို လိုက်ရှာနေ တာပါလို့ ပြန်ဖြေလေသည်။ ဒီစကားကို အဖိုးအိုကြားတော့ အူလိုက်သဲလိုက် ရယ်တာပေါ့။ပြီးတော့ လူငယ် မင်းဟာ စိတ်နဲ့ကိုယ်နဲ့ မကပ်တော့ဘူးလို့ ပြောဆိုလိုက်လေသည်။ ဒီတော့ လူငယ်လေးကလည်း အဖိုးအို စကားကြောင့် လှည့်ထွက်မည်အပြု အဖိုးအိုက သူ့အား လက်လှမ်းဆွဲပြီး နေပါဦး လူငယ်၊ မင်းတွေ့ချင်လို့ ရှာနေတဲ့ သေမင်းဆိုတာ ငါပဲဟုပြောတော့ လူငယ်လေးက အားတက်သွားလေသည်။ ဒီတော့ လူငယ်ဆင်းရဲ သားလေးက ဒါဆိုရင် ကျွန်တော့ကို ဘာလို့မခေါ်တာလဲ၊ ကျွန်တော့အသက်ကို အမြန်နှုတ်ယူ ပါတော့လို့ ပြောတာပေါ့။

လူငယ် မင်းအခု သေမဲ့အချိန် မကျသေးဘူး။ မင်းသေဖို့ အချိန်မတန် သေးပါဘူး။ မင်းသေနေ့စေ့ရင် ကျိန်းသေ သေမှာပါ။ အဲဒီအခါကျ မသေချင်လို့ ဘယ်လိုပဲ ပုန်းနေပုန်းနေ သေခြင်းတရားက ရှောင်လွဲလို့ မရဘူးလို့ အဖိုးအိုက ပြောလေသည်။ ဒါဆိုကျွန်တော့်ကို ဘယ်နေ့ သေမယ်ဆိုတာ ပြောပြပေးပါ အရှင်သေမင်း။

ဒီတော့သေမင်းက မောင်မင်း ဒီနေရာကနေ ထွက်ခွာပြီး ရက်သတ္တပတ်မြောက်ရင် အလွန်ချမ်းသာလိမ့်မယ်။ သူဌေးဖြစ်ပြီးနောက် ဆယ်နှစ်ကြာတဲ့အခါမှာ မင်းသေလိမ့်မယ် လို့ပြောပြီး အလိုရှိရာ သုံးနိုင်ရန် လေးနဲ့မြှား ဆယ်ချောင်းကို ပေးလေသည်။ ခဏအတွင်းမှာ သေမင်း ပျောက်ကွယ် သွားလေသည်။လူငယ်လေးက လေးနဲ့မြှားကို ယူပြီး ခရီးဆက်လေသည်။ ခရီးလမ်းတလျှောက် ဆာလောင်လာတော့ လေးနဲ့မြှား ကိုထုတ်ပြီး တွေ့သည့်ငှက်ကို ပစ်လေသည်။ သူပစ်လွတ်လိုက်သည့် ငှက်မှာ ရွှေငှက်အဖြစ် အသွင်ပြောင်း သွားလေသည်။ရွှေငှက်အဖြစ် ပြောင်းလဲသွားသည့် ငှက်လေးအား လက်မှကိုင်ကာ လူငယ်လေး ပျော်ရွှင်စွာ ခရီးဆက်လေသည်။ဒီလိုနဲ့ မြို့တစ်မြို့ကို ရောက်တော့ အကောင်းဆုံး မြေကွက်တစ်ခုအား ရွှေငှက်နဲ့ လဲလှယ်ယူ လိုက်လေသည်။ ပြီးတော့ အဲဒီမြေကွက်ပေါ်မှာ စိန်ရွှေငွေ ရတနာ အပြည့်နဲ့ အိမ်တစ်လုံးကို ပေါ်လာစေရန် လေးနဲ့မြှားကို ထုတ်ကာပစ်ပြီး အမိန့်ပေး လိုက်လေသည်။မကြာခင်မှာ သူဆန္ဒ ရှိသည့်အတိုင်း စိန်ရွှေငွေ အပြည့်နဲ့ အိမ်တစ်လုံး ပေါ်လာပြီး သူဌေးကြီး ဖြစ်သွားလေသည်။



ဒီလိုနဲ့ အချိန်တွေက တရွှေ့ရွှေ့ကုန်ဆုံးနေတာကို စည်းစိမ်ချမ်းသာ ပြည့်စုံစွာနဲ့ ယစ်မှုးနေတဲ့ လူချမ်းသာ လူငယ်လေး သတိမမှုမိဘူး ဖြစ်နေတယ်။အဖိုးအိုရဲ့ စကားကိုလည်း မေ့လျှော့နေတာပေါ့။ဒီလိုနဲ့ ကိုးနှစ်နဲ့ကိုးလ ရောက်ရှိလာလေတဲ့။ တစ်နေ့မှာ သူမချမ်းသာခင်က နောက်ဆုံးနေ့လေးကို အိပ်မက်မြင်မက်ပြီး စိုးရိမ်ကြောက် လန့်မှုနဲ့ လန့်နိုးလာလေသည်။ အဖိုးအိုရဲ့ စကားကိုလည်း ပြန်လည်ကြား ယောင်နေလေသည်။နေ့ရက်တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းပြီး ကျန်ရှိနေသေးတဲ့ သုံးလဆိုသည့် အချိန်လေး ကုန်ဆုံးသွားမှာကို စိုးရိမ်ထိတ်လန့် နေလေသည်။

နောက်နေ့နံနက်မှာ သူ့ရဲ့အစေခံ ကျွန်ကိုခေါ်ပြီး ကြီးမားသည့် ရေလုံခံ သေတ္တာကြီး တစ်လုံးကို ယူစေကာ အစားအသောက် သုံးလစွာ ထည့်ယူစေလျက် ပင်လယ်ကမ်းစပ်သို့ ထွက်လာလေသည်။ကမ်းစပ်ရောက်တော့ သူ့အစေခံ အလုပ်သမားအား အထပ်ထပ်မှာ ကြားလေသည်။ သူသေတ္တာထဲ ၀င်ရောက်ပြီးနောက် သေတ္တာအား သေချာစွာ ပိတ်လျှက် ပင်လယ်ထဲသို့ နက်သထက် နက်အောင် ကြိုးရှည်ရှည် နဲ့ချရန်၊ ယနေ့မှစတင်၍ နောက်သုံးလ ကြာသောအခါ ရေထဲမှ သေတ္တာအား ပြန်လည်ဆယ်ယူရန် အထပ်ထပ် မှာကြားလေသည်။ အလုပ်သမားများကလည်း သူဌေးမှာ ကြားသည့်အတိုင်း သေတ္တာကြီးကို ကြိုးရှည်ရှည်နှင့်ချည်ကာ ရေနက်ပိုင်းထဲသို့ ချလိုက်ကာ ကျန်ကြိုးစတစ်ဖက်စွန်းအား သစ်ပင်ကြီး တစ်ပင်တွင် ချည်နှောင်ထား ခဲ့ကြလေသည်။

သေမင်းကလည်း သေစာရင်း နာမည်တွေကို စစ်ဆေးနေစဉ်မှာ လူငယ်လေး၏ သေဆုံးမယ့် အလှည့်သို့ ရောက်ရှိနေကြောင်းကို တွေ့ရှိသွားလေသည်။အိုးအို.. တို့တွေထပ် တွေ့ဆုံကြ ဦးမှာပေါ့ လူငယ်လေးရေဆိုပြီး ရေရွတ်လိုက်လေသည်။ဒီလိုနဲ့ လူငယ်လေးကို ရှာဖွေဖို့ တစ်မြို့ဝင် တစ်မြို့ထွက်နဲ့ တစ်အိမ်ပြီးတစ်အိမ် လိုက်ရှာလေရာ မတွေ့ပဲ ရှိနေလေသည်။ သေစာရင်း နာမည်တွေကိုလည်း ပြန်လည်စစ်ဆေးရာ လူငယ်လေး နာမည်ပါ နေသည်ကို တွေ့နေရပါလျှက် ထိုလူငယ်အား ရှာလို့မတွေ့ ရှိခြင်းကြောင့် သေမင်းအဖိုးအိုလည်းအလွန်စိတ်ဓာတ် ကျနေတာပေါ့။ ဒါပေမယ့် လုံးဝမလျော့သောဇွဲနဲ့ တောတောင်တွေကို ဖြတ်ကျော်ပြီး လိုက်ရှာဆဲပဲလေ။

ဒီလိုနဲ့ လူငယ်လေးသေဖို့ နေ့ရက်ကလည်း တစ်ဖြည်းဖြည်း နီးလာပြီ၊ သေဖို့ရက်က သုံးရက်လောက်ပဲ လိုတော့တယ်။ သေမင်းကလည်း လုံးဝလက်မလျော့ဘဲ လိုက်ရှာမြဲပဲ။ဒီလိုနဲ့ နောက်ဆုံးမှာ သေမင်းလည်း ခြေကုန်လက်ပန်း ကျစွာနဲ့ ကမ်းခြေဆီ တဖြည်းဖြည်းလျောက်လှမ်း လာနေလေသည်။ ကမ်းခြေမှာ ခဏလောက် အမောအပန်းဖြေမယ်ဆိုတဲ့စိတ်ကူးနဲ့ လျှောက်လှမ်း လာနေတုန်း တစ်နေရာမှာ မမျှော်လင့်ပဲ ကြိုးတစ်ချောင်းနဲ့ ခလုတ်တိုက် လဲကျသွားတာပေါ့။ သေမင်းကလည်း စိတ်ဆိုးသွားပြီး အဲဒီကြိုးစကို တဖြည်းဖြည်း ဆွဲကြည့်တော့ နောက်ဆုံးမှာ ရေထဲက သေတ္တာကြီး ပေါ်ထွက်လာလေရောပေါ့။သေမင်းကလည်း အရမ်းအံ့သြပြီး အဲဒီသေတ္တာကို ဖွင့်ကြည့်တော့ အထဲမှာ လူချမ်းသာဖြစ်သွားတဲ့ လူငယ်လေးကို တွေ့ရှိသွားလေသည်။ သေမင်းက စိတ်ဆိုးတဲ့ လေသံနဲ့ လူငယ်လုလင်.... မင်းဒီလိုပုန်းရှောင်လို့ လွတ်မယ်များ ထင်နေလား၊ အခုချက်ချင်း ထွက်လာခဲ့လို့ အော်ပြောလိုက်လေသည်။

လူငယ်လေးကလည်း အလွန်ကြောက်ရွံပြီး သေမင်းကို အရှင်သေမင်း အကျွန်ုပ်ကို ခွင့်လွတ်ပါ။အသက်ကိုလည်း လွတ်ငြိမ်းချမ်းသာ ခွင့်ပေးပါ။ အကျွန်ုပ်ပိုင်ဆိုင်တဲ့ စည်းစိမ်းချမ်းသာ တ၀က်ကို အရှင့်အားပေးပါမယ်လို့ သေမင်းကို တောင်းပန်တာပေါ့။ဒီတော့သေမင်းက အသင်လုလင် မောင်မင်းကို အရင်က မပြောခဲ့ဖူးဘူးလား။ လူတိုင်းဟာ သေနေ့မစေ့ပဲ သူဘယ်လောက်သေချင်နေပါစေ သေလို့မရသလို သေနေ့စေ့လို့ မသေချင် သေးဘူးဆိုပြီး ရှောင်ပုန်းနေလို့လည်း မရပါဘူး။သတ္တ၀ါတိုင်းဟာ သေခြင်းတရားကို ဘယ်လိုမှ ရှောင်လွဲလို့ ပုန်းကွယ်လို့မရပါ။အကြောင်းတရားတွေကြောင့် အကျိုးတရားတွေ ဖြစ်ပေါ်တယ်။မွေးဖွားခြင်းရှိသလို သေဆုံးခြင်း ဆိုတာလည်း ရှိနေတဲ့ ကာမသဘောတရား တွေပါလုလင်။

အရင်က သေနေ့မစေ့ဘဲ သေချင်နေတဲ့ ဆင်းရဲသား လူငယ်လေး၊ ချမ်းသာလာ တဲ့အခါ သေနေ့စေ့တာတောင် သေဖို့ပုန်းရှောင်နေတဲ့ လူချမ်းသာ လူငယ်လေး၊သူဘာပဲပြောပြော သေမင်းက လက်မခံဘဲ နောက်ဆုံး သေရွာကို ခေါ်ဆောင်သွားခဲ့တာပါပဲ ။ ထိုပုံပြင်ထဲကလိုပါပဲ လူတိုင်း လူတိုင်း ဟာ မွေးဖွားခြင်း ရှိခဲ့သလိုပဲ သေဆုံးခြင်းဆိုတာလည်း ဧကန်မုချ ကြုံတွေ့ရမှာပါပဲ ။ ဆောင်ပုဒ်လေးရှိပါတယ်.." ငါ့နှင့်ရွယ်တူ ၊ င့ါအောက်လူ ၊ ကြီးသူသေကြ ၊ များလှပြီ ၊ ခဏမစဲ အိုစမြဲ ၊ ကိုယ်လည်း သေဘက်နီးခဲ့ပြီ။ " ထိုဆောင်ပုဒ်ထဲကလိုပါပဲ မိမိတို့ အားလုံးသည် တဖြည်းဖြည်းနဲ့ သေမယ့်ဘက်ကို သွားနေရတာပါပဲ ။ ထို့ကြောင့် အချိန်လေးတိုင်းမှာ အကုသိုလ်စိတ် မဖြစ်အောင် ၊ ကုသိုလ်စိတ်လေးတွေ အမြဲဖြစ်ပေါ်နေအောင် ကျင့်ကြံ နေထိုင်ရပါမယ်။ စာဖတ်သူ မိတ်ဆွေများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ....

ဆက်လက်ဖတ်ရှူရန်...