တွေးကြည့်စေချင်သည်


ကျွန်တော်တို့တစ်တွေဟာ တစ်နေ့တစ်နေ့ အိပ်ရာကထတယ်.. မနက်စာစားတယ်..ကျောင်းသွားတယ်.. ရုံးသွားတယ်.. ပြန်လာတယ်.. ညစာစားတယ်.. လုပ်စရာရှိတာ လုပ်တယ်.. ပြန်အိပ်တယ်..။ နောက်တစ်နေ့လည်း ဒီအတိုင်းပဲ.. လည်ပတ်နေပြန်တယ်။ ပညာသင်ကြားနေကြတဲ့ ကျောင်းသားတွေ၊ စီးပွားရေးလုပ်ကိုင်နေရတဲ့ စီးပွားရေးပညာရှင်တွေ၊ သားကျွေးမှု မယားကျွေးမှုနဲ့ လုပ်ကိုင်ရှာဖွေနေကြရတဲ့ အိပ်ထောင်ဦးစီးတွေ၊ တစ်နေ့တစ်နေ့ ဒီလိုနဲ့ပဲ အချိန်တွေ ကုန်လွန်သွားတော့မှာလား? လူ့ဘ၀ကို ရလာတာဟာ ဒီလိုစီးပွားတွေရှာ ပညာတွေသင်ပြီးတော့ ဘ၀ကို အဆုံးသတ်သွားဖို့လား? ဒါမှမဟုတ် အာဏာပါဝါတွေရှိဖို့ နာမည်ကြီးဖို့ ကျော်ကြားဖို့ ပိုက်ဆံ ချမ်းသာကြွယ်ဝဖို့အတွက် လူ့ဘ၀ကို အသုံးချသွားမှာလား? ဆိုတာတွေဟာ တွေးကြည့်ဖို့တော့ လိုအပ်ပါတယ်။ လူအများစုဟာ တစ်နေ့တာအတွက် ပိုက်ဆံကို ဘယ်လိုဝင်ငွေတိုးအောင် ရှာရမလည်း ဆိုတာတော့ အချိန်ပေးပြီးတော့ တွေးကြတာ များပါတယ်.. ဒါပေမယ့် လူ့ဘ၀ရရှိလာတဲ့ အနှစ်သာရကျတော့ တစ်နေ့နေလို့တစ်ခါ ဘယ်သူမှ စေ့စေ့ပေါက်ပေါက် မတွေးမိတတ်ကြပါဘူး။


ဈေးရောင်းနေတဲ့ လူတစ်ယောက်ကို ခင်ဗျားလူလာဖြစ်တာ ဈေးရောင်းဖို့ တစ်ခုတည်း အတွက်လား? အင်ဂျင်နီယာ တစ်ယောက်ကိုလည်း ခင်ဗျားလူလာဖြစ်တာ အင်ဂျင်နီယာလုပ်ဖို့ တစ်ခုတည်း အတွက်လား? ကံထရိုက်တာ တစ်ယောက်ကိုလည်း ခင်ဗျားလူလာဖြစ်တာ ကံထရိုက်လုပ်ဖို့ တစ်ခုတည်း အတွက်လား? လို့ မေးလိုက်ရင် ရုတ်တရက် ဘာဖြေရမှန်းမသိအောင် နှုတ်ဆွံ့သွားမှာ သေချာပါတယ်။ လူအများစုဟာ အသက်အရွက်တွေသာ ကြီးသထက် ကြီးလာကြပြီး မိမိလူဖြစ်လာရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကျတော့ အတိအကျသိတဲ့သူ အင်မတန် နည်းပါတယ်။ လောကီလူ့ဘောင်မှာ ရည်ရွယ်ချက်မဲ့နေတဲ့ လူတစ်ယောက်ဟာ အလုပ်တစ်ခု လုပ်မယ်ဆိုရင် အောင်မြင်ဖို့လမ်းစ အင်မတန် နည်းသလိုပါပဲ.. လူဖြစ်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကို မသိတဲ့ လူအများစုဟာလည်း ကိုယ်လုပ်နေတဲ့ အလုပ်တွေကိုပဲ ကိုယ်မရှိရင် မဖြစ်တော့သလိုမျိုးထင်ပြီး လုပ်ရင်းကိုင်ရင်း.. ဒီလိုနဲ့ပဲ ဘ၀ကို မလှမပ ဇတ်သိမ်းသွားကြတဲ့သူတွေ အင်မတန် များကြပါတယ်။ ဘ၀ဇတ်သိမ်းမလှတဲ့သူတွေ အများစုကို ကြည့်လိုက်ရင်လည်း လူဖြစ်ရခြင်းရဲ့ ရည်ရွယ်ချက်ကို သေချာမသိသွားကြရတဲ့ လူတွေ များပါတယ်။

ဘုံပေါင်း(၃၁)ဘုံ ရှိတဲ့အနက် လူ့ဘုံဟာ လမ်းဆုံလမ်းခွဘုံလို့ ပြောလို့ရပါတယ်။ လူ့ဘုံရဲ့အောက် အပါယ်လေးဘုံကို ကြည့်မယ်ဆိုရင်လည်း ဆင်းရဲဒုက္ခတွေ များလွန်းအားကြီးတဲ့အတွက် မည်သည့်ကုသိုလ်မျှ လုပ်လို့မရပါဘူး။ နောက်ပြီး လူ့ဘုံရဲ့အထက် နတ်ဘုံကို ကြည့်လိုက်ပြန်ရင်လည်း ချမ်းသာသုခတွေ များလွန်းအားကြီးတဲ့အတွက် ကုသိုလ်တရားများကို တင်းပြည့်ကြပ်ပြည့် မလုပ်နိုင်ပဲ ချမ်းသာသုခတွေ ခံစားတာများပြီး ကုသိုလ်လုပ်ဖို့ လုံးဝမလွယ်ကူနိုင်ကြပါဘူး။ ဒါ့ကြောင့်လည်း လူ့ဘုံကို လမ်းဆုံလမ်းခွဘုံလို့ ပြောတာပါ။ အထက်ကိုတက်မလား? အောက်ကိုဆင်းမလား? မသေရာဖြစ်တဲ့ အမြတ်နိဗ္ဗာန်ကို တက်လှမ်းမလား? ကိုယ်ကြိုက်တဲ့လမ်းကို ကိုယ့်ဘာသာ လျောက်လှမ်းလို့ ရနိုင်တဲ့ ဘုံပါ။ ဘုရားလောင်းတော်များဆိုလျှင် နတ်ပြည်ရောက်ခဲ့လျှင်ပင် သက်တမ်းပြည့်မနေပဲ နတ်သက်ချွေကာ လူပြည်ပြန်လာပြီး ကုသိုလ်ပြုကြပါတယ်။ ဒါ့ကြောင့်လည်း လူ့ဘုံဘ၀လူ့ဘ၀ကား တန်ဖိုးရှိလှတဲ့ဘ၀လို့ ရှေးဆရာတော်ကြီးများ မိန့်ကြားတော်မူခဲ့တယ်ထင်ပါတယ်။

နောက်.. အားတက်စရာလူ့ဘုံရဲ့ အနှစ်သာရလေးတစ်ခု ဖော်ပြပေးလိုပါတယ်။ လူအများစုကသာ သေရင် နတ်ပြည်ရောက်ရပါလို၏လို့ ဆုတောင်းကြတာ များပါတယ်။ ဒါပေမယ့် နတ်တွေကျတော့ ဗြောင်းပြန် ဆုတောင်းပါတယ်။ နတ်ပြည်မှာ နတ်သက်ကြွေတော့မယ်ဆိုရင် နတ်တို့ ပန်ဆင်သော ပန်းတွေ ညှိုးနွမ်းပါတယ်၊ အ၀တ်တန်ဆာတွေ ညစ်နွမ်းကုန်တယ်၊ ချိုင်းကြားတို့မှ ချွေးထွက်ပါတယ်၊ ကိုယ်၌ အရည်အဆင်း မလှဖြစ်ပြီး နတ်ဗိမာန်၌ မမွေ့မလျော်ဖြစ်သော ရှေ့ပြေးနမိတ်တွေ အရင်ဆုံး ဖြစ်ကြရပါတယ်။ အဲ့အချိန် ရောက်ပြီဆိုမှ ကျန်တဲ့နတ်တွေက လာရောက်ပြီး နတ်သားကို ဆုတောင်းစကား ပေးပါတယ်။ ဘယ်လို ဆုတောင်းပေးကြလဲဆိုရင် “အရှင်နတ်သား ဤနတ်ဘုံမှ စုတေလျှင် လူ့ပြည့်သို့ သွားပါလော့၊ လူ့ပြည်တွင် မြတ်စွာဘုရား သာသနာတော်၌ မြတ်ဘုရားဟောကြားအပ်သော ဓမ္မ၀ိနယ၌ ယုံကြည်သော သဒ္ဓါတရားကို အရယူပါလော့၊ အရယူပြီး ထိုယုံကြည်မှုသဒ္စါတရားကို မိမိ၏ စိတ်အစဉ်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်အောင် တည်ပါလော့״ ဟု နတ်တွေက ဆုတောင်း မှာကြားကြပါတယ်တဲ့။ ဒီလိုဆိုရင် ကျွန်တော်တို့ ယခုရောက်ရှိနေတဲ့ ဘုံဘ၀ဟာ နတ်တွေ ဆုတောင်းရောက်ရှိအောင် တန်ဖိုးထားနေတဲ့ အဖိုးမဖြတ်နိုင်တဲ့ ဘုံဘ၀ပါနော်။ ဒီအချက်တွေမေ့ပြီး လူ့ပြည်ရောက်လာတဲ့ လူသားအများစုဟာ လောဘတွေ ဒေါသတွေ မောဟတွေ တနင့်တပိုးထွေးပိုက်ကာ လုပ်ချင်ရာတွေလုပ်ပြီး မရောက်ချင်တဲ့ နေရာတွေကို မရောက်ချင်ပဲနဲ့ ရောက်ကြရတာပါ။ ဒါဘာကြောင့်လည်းဆိုတော့ လူဖြစ်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကို မေ့နေကြလို့ပါပဲ။


လူဖြစ်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က ဘာလည်း? လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဒါနကုသိုလ်၊ သီလကုသိုလ်၊ သမထဘာဝနာကုသိုလ်၊ ၀ိပဿနာဘာဝနာကုသိုလ်၊ မဂ်ကုသိုလ်၊ ဖိုလ်ကုသိုလ်ဆိုတဲ့ ကုသိုလ်ခြောက်မျိုးလုံးကို အရယူရန်အတွက် ဖြစ်ပါတယ်။ စီးပွားဥစ္စာရှာဖွေခြင်းသည်ပင် ထိုကုသိုလ်ခြောက်မျိုး ပြုလုပ်ရန်အတွက် ဖြစ်ပါတယ်။ ဒါပေမယ့် လူဖြစ်ရခြင်း ရည်ရွယ်ချက်ကိုမေ့ကာ လူအများစုဟာ လူဖြစ်လာတာကို ကာမဂုဏ်တွေ ခံစားဖို့ဟုထင်ပြီး ကုသိုလ်ကိုမစုပဲ အကုသိုလ်တွေစုပြီး အပါယ်သို့ သွားကြရတာပါ။

ဒီအချက်လေးကို ဆရာတော်အရှင်ဇ၀နရဲ့ ပညာရှိနဲ့ ပညာမဲ့ ခွဲခြားနည်းလေးနဲ့ ဖော်ပြပေးလိုပါတယ်။ ပညာရှိနဲ့ ပညာမဲ့သည် လူ့ဘ၀ခန္ဓာရတာခြင်း တူသော်လည်း အသုံးချတတ်ပုံခြင်းမတူပေ.. ပညာမဲ့သည် လူ့ဘ၀ခန္ဓာကို အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိဟူသော ကာမဂုဏ် ခံစားဖို့အတွက် အသုံးချ၍ အပါယ်လေးပါးသို့ သွားကြ၏.. ပညာရှိ သူတော်ကောင်းများသည် ရလာသော လူ့ဘ၀ခန္ဓာကို ကုသိုလ်ရဖို့အတွက် အသုံးချ၍ နိဗ္ဗာန်သို့ သွားကြ၏ တဲ့။ ဒီအချက်လေးနဲ့ မိမိကိုယ်မိမိတိုက်ကြည့်ပြီး ကိုယ်ဟာ လူ့ဘ၀ရလာတဲ့အချိန်မှာ ကိုယ့်ရဲ့ခန္ဓာကို ဘာအတွက် အသုံးချနေလဲဆိုတာ သေချာလေး မေးကြည့်စေလိုပါတယ်။ မေးပြီးရင်တော့ လူဖြစ်ရခြင်းရဲ့ ရည်ရွယ်ချက်ကို သေချာစေ့စေ့တွေးကာ လုပ်သင့်တဲ့အလုပ်ကို လုပ်ဆောင်ရင်း ကုသိုလ်ကို များအောင်စုပြီး ကောင်းမှုကို များအောင်ကြံနိုင်ကြပါစေ..။။

0 comments:

Post a Comment