အမျှဝေတာ အများအကျိုးရဖို့ပါ


ကုသိုလ် ကောင်းမှုပြုပြီးတိုင်း မိမိကုသိုလ်ရသလို သူတစ်ပါးတို့လည်း အညီအမျှ ကုသိုလ်ရစေရန် မိမိရရှိတဲ့ ကုသိုလ်အဖို့ကို သူတစ်ပါးတို့အား "အမျှ အမျှ အမျှ ယူတော်မူကြပါ" အစသဖြင့် နူတ်ထွက်ဆိုပြီး အမျှဝေပေးပါ။ အမျှဝေနေတဲ့ အချိန်မှာ မိမိစိတ်သန္တာန်မှာ ကုသိုလ်စိတ်တွေ ကုဋ္ဋေသိန်းချီဖြစ်နေတာမို့ ကုသိုလ်ကံတွေ ကုဋ္ဋေသိန်းချီတိုးပွားတာပေါ့။

မိမိအမျှဝေတာကို ကြားသိလို့ "သာဓု- သာဓု -သာဓု-ကောင်းလေစွ- - " လို့ သာဓုခေါ်နိုင်ကြတဲ့ သူတွေလည်း ကုသိုလ်ကံတွေ ကုဋ္ဋေသိန်းချီရတာပါပဲ။ ဆွေမျိုးပြိတ္တာများက သာဓု ခေါ်နိုင်ရင် ပြိတ္တာဘဝမှ လွတ်မြောက်င်္ပြီး နတ်ဘဝကို ရနိုင်ကြတယ်။
ဥပမာ အနေနဲ့ ဟို ....လွန်လေပြီးတဲ့ ၉၂ ကမ္ဘာထက်မှာ ဖုဿမြတ်စွာဘုရား ပွင့်တော်မူတယ်။ ဇယသေနမင်းရဲ့ သားတော် (၃) ပါးက သူပုန်ရန်ကို နှိမ်နှင်းနိုင်လို့ မြတ်စွာဘုရားနှင့် သံဃာကိုးသောင်းတို့ကို ဝါးတွင်း သုံးလ ဆွမ်းလုပ်ကျွေးခွင့်ရတယ်။မင်းသားတို့ရဲ့ ရဲမက်စစ်သည်တော် ၁၀၀၀ တို့ဟာ ဖန်ရည်စွန်းအဝတ် ဝတ်ကြပြီး ဘုရားနှင့် သံဃာတော်များကို ဝေယျာဝစ္စအမှုပြုကြတယ်။ မင်းသားတို့ရဲ့ ဘဏ္ဍာစိုးဖြစ်တဲ့ သူဌေးက လိုအပ်တဲ့ ငွေကို အတွင်းဝန်အမတ်ကို ထုတ်ပေးပြီး အတွင်းဝန်အမတ်က ဇနပုဒ်နေသူ ၁၁၀၀၀ တို့နှင့် အတူ ဆွမ်းခဲ့ဘောဇဉ်အမယ်မယ်ကို ကောင်းမွန်စွာ စီမံချက်ပြုတ်ပြီး ဘုရားနှင့် သံဃာတော်များကို နေ့စဉ် ဆက်ကပ်လှူဒါန်းကြသည်။
ထို စီမံချက်ပြုတ်သူတို့အနက် အတွင်းဝန်အမတ်ရဲ့ ဆွေမျိုးအချို့က လူဖွယ်ဝတ္ထုဆွမ်းဟင်းလျာများကို ကိုယ်တိုင်လည်း ခိုးဝှက်စားသောက်ကြသည်။ ဇနီး သား ၊ သမီးများကိုလည်း ကျွေးမွေးကြတယ်၊ အလှူတင်းကုပ်များကိုလည်း မီးရှို့ဖျက်ဆီးကြတယ် ။
ဝါကျွတ်လို့ သံဃာတော်တို့ ပဝါရဏာပြုပြီးတဲ့အခါ မင်းသားတို့ဟာ ဘုရားနှင့် သံဃာများကို အကြီးအကျယ် လှူဒါန်းပူဇော်ကြပြီးတော့ ခမည်းတော်နိုင်ငံသို့ ပို့ဆောင်ကြတယ် ။
ခမည်းတော်မင်းကြီး ၊ မင်းသား ညီနောင်သုံးဦး ၊အတွင်းဝန်အမတ်နှင့် အခြံအရံပရိတ်သတ်များ ကွယ်လွန်ကြတဲ့အခါ နတ်ပြည်သို့ လားရောက်ကြတယ် ၊ အတွင်းဝန်အမတ်ရဲ့ ကောက်ကျစ်ယုတ်မာတဲ့ ဆွေမျိုးများ သေလွန်ကြတဲ့အခါ ငရဲ့ဘုံသို့ လားရောက်ကြတယ်။
ထိုသူနှစ်ဖွဲ့ တို့ဟာ တစ်ဖွဲ့က နတ်ပြည်တစ်ပြည်မှ တစ်ပြည် ကျင်လည်ပြီး ကျန်တစ်ဖွဲ့က ငရဲပြည် တစ်ပြည်မှ တစ်ပြည်ကျင်လည်ရင်း ၉၂ ကမ္ဘာကုန်လွန်သွားကြတဲ့ အထိပါပဲ။ ဒီဘဒ္ဒကမ္ဘာမှာ ကဿပမြတ်စွာဘုရား ပွင့်ထွန်းတော်မူတဲ့အခါ ထိုကျောက်ကျစ်ယုတ်မာတဲ့ အဖွဲ့ဟာ ပြိတ္တာဘုံမှာ ဖြစ်လာကြတယ်။ လူအပေါင်းတို့က အလှူပေးပြီး အမျှဝေတဲ့အခါတိုင်း ထိုသက်ဆိုင်ရာဆွေမျိုး ပြိတ္တာတို့ စည်းစိမ်ချမ်းသာကို ရရှိကြကုန်တယ်။
အတွင်းဝန်အမတ်ရဲ့ ဆွေမျိုးပြိတ္တာများက ကဿပမြတ်စွာဘုရားထံချဉ်းကပ်ပြီး အဲဒီလို စည်းစိမ်ချမ်းသာမျိုးအား သူတို့ ရကြပါမည်လားဟု မေးလျောက်ကြတယ်။
" အို...ပြိတ္တာအပေါင်းတို့ ၊ ယခုအခါမှာ ဒီလိုစည်းစိမ်တွေ သင်တို့ မရနိုင်သေးဘူး ။ နောင်အန္တရကပ် တစ်ကပ်လွန်တဲ့အခါ သင်တို့ရဲ့ ဆွေမျိုးရင်းဖြစ်ခဲ့ဖူးတဲ့ အတွင်းဝန်အမတ်က ဗိမ္ဗိသာရမင်း ဖြစ်လိမ့်မယ် ၊ ထိုမင်းက ဂေါတမမြတ်စွာဘုရားနှင့် သံဃာများကို အလှူအကြီးအကျယ်ပေးပြီး သင်တို့အား အမျှဝေလိမ့်မယ် ၊ အဲဒီအခါ ဒီလိုစည်စိမ်မျိုးကို သင်တို့ရကြလိမ့်မယ် " ။
ဘုရားရှင်ရဲ့ ဗျာဒိတ်စကားကို ကြားတော့ " နက်ဖြန်ပဲ စည်းစိမ်ချမ်းသာ ရကြလိမ့်မယ်" လို့ ထင်မှတ်ပြီး ပြိတ္တာတို့ အလွန်ဝမ်းမြောက် ကြတယ်။
ဂေါတမ မြတ်စွာဘုရား ပွင့်ထွန်းလာတဲ့အခါ ရှေး ၉၂ ကမ္ဘာ ထက်က မင်းသားသုံးဦး နှင့် အခြံအရံတစ်ထောင်တို့ဟာ ဥရုဝေလကဿပအမှူးရှိတဲ့ ရသေ့ညီနောင် သုံးဦးနှင့် တပည့်ရဟန်းတစ်ထောင်ဖြစ်လာကြတယ်။ အတွင်းဝန်အမတ်က ဗိမ္ဗိသာရမင်းဖြစ်လာတယ်။ ထိုစဉ်က ကြွင်းကျန်တဲ့ ပရိသတ်က ဗိမ္ဗိသာရမင်းရဲ့ ပရိသတ်ဖြစ်လာတယ်။
ဂေါတမမြတ်စွာဘုရားဟာ ဥရုဝေလကဿပ အမှူးရှိတဲ့ ရသေ့ညီနောင်သုံးဦးနှင့် တပည့်၇သေ့ တစ်ထောင်တို့အား ချေချွတ်ပြီး ရာဇဂြိုလ် ပြည်သို့ကြွတော်မူတယ် ။ ဗိမ္ဗိသာရမင်းအမှူးပြုတဲ့ ပရိသတ် ၁ သိန်း ၂ သောင်းတို့က သောတပန်ဖြစ်ကြတယ်၊ ကျန်ပရိတ်သတ် ၁ သောင်းက သရဏဂုံတည်ကြတယ်။
ဗိမ္ဗိသာရမင်းက ဘုရားနှင့် သံဃာတော်များကို မိမိနန်းတော်သို့ ပင့်ဆောင်ပြီး ဆွမ်းခဲဖွယ် ဘောစဉ် တို့ကို လှူဒါန်းတယ်။ မြတ်စွာဘုရားကတော့ ကျောင်းအလှူမောဒနာ တရားဟောကြားပြီးနောက် ဝေဠုဝန် ကျောင်းအရံသို့ ကြွစံ သီတင်းသုံးတော်မူတယ်။
ထို့နေ့ညဥ့် ကာလအချိန်မှာပဲ နန်းတော်ဝန်းကျင်ပတ်လည်မှာ အလွန်ကြောင့်မက်ဖွယ် ကောင်းတဲ့ ဟစ်အော်သံ , နားကြည်းညဉ်းညူသံများကို ကြားရတော့ မင်းကြီး ထိတ်လန့်သွားတယ်၊ နံနက် မိုးသောက်တော့ ဘုရားရှင်ကို ထိုအကြောင်းနှင့် ပတ်သတ်၍ မေးလျောက်တယ်။
"မြတ်သောမင်းကြီး ထိုအသံ တို့က သင့်ကို အန္တရယ်မပြုပါဘူး၊ အဲဒီအသံတွေက သင့်ဆွေမျိုး ပြိတ္တာအပေါင်းရဲ့ ဟစ်အော်, နာကြည်း ညဉ်းညူသံ တွေဖြစ်တယ်။ သူတို့က သင်အလှူဒါန ပေးပြီးရင် အမျှဝေလိမ့်လို့ အချိန် ကြာမြင့်စွာ စောင့်စားမျှော်လင့်ခဲ့ကြတယ် ။ သင်ဟာ မနေ့က သင့်ဆွေမျိုးပြိတ္တာအပေါင်းကိုကောင်းမှုကုသိုလ်ရဲ့အဖို့ကို အမျှမပေးဝေခဲ့ဘူး။ ဒါကြောင့် အဲဒီပြိတ္တာများက မျှော်လင့်ချင်ကင်းပြတ်ကာ ကြောက်မက်ဖွယ်ရာ အော်ဟစ် ငိုကြွေးကြခြင်း ဖြစ်တယ်"
"မြတ်စွာဘုရား .ယ္ခုတဖန် လှူဒါန်းပြီး အမျှဝေပေးလျှင် သူတို့ ရနိုင်မလား ဘုရား "
"ရနိုင်ပေတယ် ဒကာကြီး "
"အရှင်ဘုရား ယနေ့ တပည့်တော်ရဲ့ အလှူဒါနကို လက်ခံတော်မူပါဘုရား"

မင်းကြီးက ကြီးကျယ်တဲ့ အလှူဒါနကို စီမံစေတယ်။ မြတ်စွာဘုရားနှင့် သံဃာအပေါင်းတို့ ကြွလာတဲ့ အခါ ဆွေမျိုးဟောင်း ပြိတ္တာတို့အပေါင်းလည်း ရွှေနန်းတော်သို့ လာကြကာ နံရံတစ်ဘက်မှာ စောင့်မျှော်နေကြတယ်။ မြတ်စွာဘုရားက ဆွေမျိုးပြိတ္တာများကို မင်းကြီးမြင်နိုင်အောင် အဓိဌာန် တော်မူတယ်။
မင်းကြီးက မြတ်စွာဘုရားလက်တော်သို့ ရေစက်ချ လောင်းလှူရင်း "ဣဒံ မေဥာတီနံ ဟောတု = ဤရေကြည်ရေစက်အလှူသည် အကျွန်ုပ်၏ ဆွေမျိုးများအတွက် ဖြစ်ပါစေသတည်း " လို့ အမျှပေးဝေတယ်။ ဆွေမျိုးပြိတ္တာတို့ သာဓုခေါ်လို့ ကုသိုလ်အဖို့ဘာဂကို ရကြတဲ့အတွက် ကြာမျိုးငါးပါးနှင့် တင့်တယ်တဲ့ ရေကန်များ ဘွားခနဲ ဖြစ်ပေါ်လာကြတယ်။ ရေသောက်ရေချိုးကြတယ်၊ ရေငတ်မွတ်ခြင်း ကင်းကုန်ကြတယ် ။ ပင်ပန်းနွမ်းနယ်မှုတွေ ပျောက်ကင်းပြီး ဝါဝင်းတဲ့ ကိုယ်အဆင်းတွေ ပိုင်ဆိုင်ရရှိလာကြတယ်။
မင်းကြီးက ယာဂုဆွမ်း ၊ ခဲ့ဖွယ်ဆွမ်း ၊ ဘောဇဉ်ဆွမ်း တို့ကို ဘုရားနှင့် သံဃာ များအား အစဉ်အတိုင်း ဆပ်ကပ်လှူဒါန်းပြီး ရှေ့နည်းအတူ အမျှပေးဝေတယ်။ ဆွေးမျိုးပြိတ္တာတို့ သာဓုခေါ်ကြတာနဲ့ တစ်ပြိုင်နက် နတ်ယာဂု ၊ ခဲဖွယ် ၊ ဘောဇဉ်တို့ ဖြစ်ပေါ်လာကြတယ်။ အားရပါးရ စားသောက်ကြရတယ်၊ ပြည့်ဖြိုးစိုပြည်တဲ့ မျက်စိ၊ နား၊ နှာ၊ လျှာ
ကိုယ် ၊ ဣနြေ္ဒတို့နှင့် ပြည့်စုံလာကြတယ်။
ထို့နောက် မင်းကြီးက မြတ်စွာဘုရားနှင့် သံဃာတော်တို့အား အဝတ်သင်္ကန်း ၊အိပ်ရာ ၊ နေရာများကို လှူဒါန်းဆက်ကပ်ပြီး အမျှဝေတယ်။ ဆွေမျိုးပြိတ္တာတို့ သာဓုခေါ်ကြတာနဲ့ တစ်ပြိုင်နက် သူတို့အတွက် နတ်ဝတ်တန်ဆာများ ၊ ယဉ်များ ၊ နတ်ဘုံဗိမာန်များ ၊ နတ်အခင်းအိပ်ရာ နေရာများ ဖြစ်ထွန်းပေါ်ပေါက်လာကြကုန်တယ်။ မြတ်စွာဘုရားက ဤဇတ်လမ်းကို သရုပ်ဖော်ပေးတဲ့ တိရောကုဋ္ဋသုတ္တန်ကို အနုမောဒနာတရားအဖြစ် ဟောကြားတော်မူတယ်။
ဤဖြစ်၇ပ် ဇတ်လမ်းက ကုသိုလ်ပြုသူတို့ ကြီးကျယ်တဲ့ စိည်းစိမ်းချမ်းသာကို ဘဝကုဋ္ဋေ ကုဋ္ဋာ ခံစားရတယ် ၊ အကုသိုလ်ပြုတဲ့ သူတို့က ဘဝကုဋ္ဋေ ကုဋ္ဋာ ငရဲဘုံများမှာ ဆင်းရဲ့ခံရပြီးတော့ စားသောက်ရာမဲ့ ပြိတ္တာဘဝများနဲ့ နှစ်အသင်္ချေများစွာ ငတ်ပြတ်ဆင်းရဲ ကြရတယ် ၊ ကုသိုလ်အဖို့ဘာဂ အမျှဝေတာကို သာဓုခေါ်နိုင်ကြတဲ့ အခါ နတ်မှာဖြစ်တဲ့ အစားအသောက်၊ အဝတ်တန်ဆာများနှင့် နတ်ဘုံဗိမာန်များ ရကြတယ်ဆိုတာများကို ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်ပြပေးပါတယ်။ ဒါကြေင့် ကျွန်ုပ်တို့ အနေနှင့် အကုသိုလ်များ မဖြစ်ပေါ်အောင်နှင့် ကုသိုလ်ကောင်းမှုများကို ကြိုးစားပြုပြီး ပြုပြီးတိုင်းလည်း ဆွေမျိုးပြိတ္တာ များကို အမျှပေးကြပါရန်၊ နေ့စဉ် နေ့တိုင်း ကုသိုလ်များကို ရရှိအောင် ဆောင်ရွက်နိုင်ပါကြပါစေ ....ဤစာများကို ဒေါက်တာမင်းတင်မွန်၏ အကောင်းဆုံးဘဝ လမ်းညွန်မှု စာအုပ်မှ ကူးယူဖော်ပြပေးခြင်းဖြစ်ပါတယ်....

0 comments:

Post a Comment