ပျော်ပျော်နေပြီး နတ်ပြည်ရောက်တဲ့နည်း


မြတ်စွာဘုရားဟာ သီတင်းဝါလကျွတ်တဲ့အခါ အနယ်နယ်အရပ်ရပ်သို့ တရားဓမ္မညွှန်ပြဖို့ ဒေသစာရီကြွချီတော်မူပါတယ်။ တစ်ချိန်မှာ ဝေဋ္ဌုဒွါရရွာသို့ ရောက်တော့ ရွာလူကြိးများက ဘုရားရှင်ထံ လျှောက်ထားကြတယ်။

"အရှင်ဘုရား တပည့်တော်တို့မှာ လယ်ယာလုပ်ငန်းများကို ကြိုးစားလုပ်ကိုင်ပြီးတော့ ရှာဖွေစုဆောင်းထားတဲ့ ပစ္စည်းဥစ္စာအတင့်အသင့် ရှိပါတယ်။ ဒီဥစ္စာ ပစ္စည်းတို့ကို ဇနီး ၊ သားသမီး များနဲ့အတူတူ ပျော်ပျော်ပါးပါး ခံစားချင်ပါတယ် ။သေလွန်တဲ့အခါမှာလည်း နတ်ပြည်သို့ရောက်ချင်ကြပါတယ် ၊ဘယ်လိုနေထိုင်ရပါ့မလဲ ဘုရား။ " လို့ လျှောက်တယ်။
အင်မတန်ကောင်းတဲ့ မေးခွန်းပဲ ၊ သေရင်လည်း နတ်ပြည်ရောက်တဲ့နည်း ၊ လူတိုင်း သိချင်တဲ့ နည်းပေါ့ ။ သာမန်လူတွေဘယ်သိနိုင်မလဲ့ ။ မြတ်စွာဘုရားက ဖြောကြားတော်မူတယ် ။
"ဒကာကြီးတို့...သင်တို့ ရှာဖွေ ရရှိထားတဲ့ ပစ္စည်းတွေကို ဇနီး ၊ သားသမီးတို့နှင့် အတူ ပျော်ပျော်ခံစားပြိး သေရင်လည်းနတ်ပြည်သို့ ရောက်တဲ့နည်းလမ်းရှိပါတယ်။ အဲဒိနည်းကတော့ ဘုရား၊တရား ၊သံဃာ တို့ကို မပြတ် ဆည်းကပ်ကိုးကွယ်ပါ။ ကာယဒုစရိုက် သုံးပါးနဲ့ ဝစီဒုစရိုက် လေးပါး တို့ကို ရှောင်ကြည်ပါ။ ဒါလောက်ပဲ သင်တို့ သတိမူပြီး လိုက်နာကျင့်ကြံပါ။ ကာမဂုဏ်စည်းစိမ်တွေကို ဇနီး ၊သားသမီးတို့နှင့် အတူတူခံစားပါ။ သေလွန်တဲ့ အခါ နတ်ပြည်သို့ ရောက်ကြလိမ့်မယ်။
တစ်ခါမြတ်စွာဘုရား သာလရွာသို့ ရောက်တော့ ပုဏ္ဏားများက ဘုရားကို မေးလျှောက်ကြတယ်- "အရှင်ဘုရား အချို့သူတို့က တရားမျှတစွာ နေထိုင်ကြတယ်၊ အချို့သူတို့က မတရားနည်းနဲ့ နေထိုင်ကြတယ် ၊ တရားမျှတစွာ နေထိုင်တဲ့သူတို့ သေလွန်ကြတဲ့အခါ နတ်ပြည်သို့ လားရောက်ကြရတယ်၊ မတရားနည်းနဲ့ နေထိုင်ကြတဲ့သူတို့ သေလွန်တဲ့အခါအပယ်ဘုံသို့ လားရောက်ကြရတယ.်"
"တရားမျှတတဲ့နည်း ၊ မတရားနည်းဆိုတာတွေက ဘယ်လိုပါလဲ ဘုရား" လို့ မေးလျှောက်ကြတယ် ။
"ပုဏ္ဏားတို့ .....ကိုယ်လက်နဲ့ ကျူးလွန်နိုင်တဲ့ မတရားမှုသုံးမျိုးရှိတယ်- သု့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း၊ကာမဂုဏ်ကို ကဲ့ရဲ့ထိုက်စွာ မှောက်မှား ကျင့်ခြင်းတို့ ဖြစ်ပါတယ်။ ဒီမတရားတို့ကို ရှောင်ကြည်တဲ့လူတွေ တရားမျှတစွာ နေထိုင်ရာရောက်ပါတယ်။
"တစ်ခါ နုတ်နဲ့ ပြောဆိုပြီး ပြုလုပ်တဲ့ မတရားမှုလေးမျိုးရှိပါတယ်။ မဟုတ်မမှန်လိမ်ညာပြီးပြောခြင်း၊ကုန်းချောခြင်း၊
ဆံရေးတိုင်းထွာခြင်း၊ အတင်းအဖျင်းပြောဆိုခြင်း တို့ပါပဲ။ ဒီမတရားမှုတို့ကို ရှောင်ကြည်တဲ့လူတွေဟာ တရားမျှတစွာ နေထိုင်ခြင်း ဖြစ်ပါတယ် ။
"တစ်ခါ....စိတ်ကူးကြံစည်ပြီးတော့ ကျူးလွန်နိုင်တဲ့ မတရားမှုသုံးမျိုးရှိပါတယ် ။သူတစ်ပါးရဲ့ ဥစ္စာကို မတရား ရယူဖို့ ကြံစည်ခြင်း၊ သူတစ်ပါးရဲ့အသက်နဲ့ အိုးအိမ်ကို ဖျက်ဆီးဖို့ ကြံစည်ခြင်း ၊ ကံ၊ ကံရဲ့ အကျိုးရှိတာကို မယုံကြည်ခြင်းတို့ဖြစ်ပါတယ်။ ဒီမတရား မှုတို့ကို ပြုလုပ်တဲ့ သူများဟာ မတရားတဲ့နည်းနဲ့ နေထိုင်ခြင်း ဖြစ်ပါတယ်။ ဒီမတရားမှုတို့ကို ရှောင်ကြည်တဲ့ လူတွေဟာ တရားမျှတစွာ နေထိုင်ခြင်း ဖြစ်ပါတယ်။
"မတရားတဲ့နည်းနဲ့ နေထိုင်သူတို့ဟာ သေလွန်တဲ့အခါ အပါယ်ဘုံသို့ ကျရောက်ကြတယ် ၊တရားမျှတစွာ နေထိုင်သူတို့က သေလွန်တဲ့အခါ နတ်ပြည်သို့ လားရောက်ကြရတယ် " (သာလေယျကသုတ်)

ဘုရားဟောတဲ့ အထက်ပါတရားနှစ်ပုဒ်ကို ထောက်ရှုရင်ရတနာသုံးပါးကိုမပြတ်ဆည်းကပ်ကိုးကွယ်ပြီးဒုစရိုက်
(၁၀)ပါးကို ရှောက်ကြည် သူတို့ဟာ သေလွန်တဲ့အခါ ကောင်းရာသုဂတိဘဝသို့ လားရောက်ကြရတယ်။ ဒီလမ်းညွန်မှုဟာ"မကောင်းမှုရှောင် ၊ ကောင်းမှုဆောင် ၊ဖြူအောင်စိတ်ကိုထား "တဲ့ လမ်းညွန်မှုပဲ ဖြစ်ပါတယ်။ ဒီလမ်းညွန်မှုကို မလိုက်နာကြတဲ့လူတွေဟာ သေလွန်တဲ့အခါ အပါယ်ဘဝသို့ လားရောက်ကြရမယ်။
ရတနာ မြတ်သုံးပါးကို ဆည်းကပ်ကိုးကွယ်တယ်ဆိုတာ သရဏဂုံ ခံယူဆောက်တည်ခြင်း ဖြစ်တယ်။ ဗုဒ္ဗဘာာသာဝင်တို့ဟာ ဘုရားရှိခိုးတိုင်း သရဏဂုံ ကိုခံယူကြပါတယ်။
ဗုဒ္ဓွံ သရဏံ ဂစ္ဆာမိ
မြတ်စွာဘုရားကို ကိုးကွယ်ရာ ဟု၍ ယုံကြည်ဆည်းကပ်ပါ၏
ဓမ္မံ သရဏံ ဂစ္ဆာမိ
တရားတော်ကို ကိုးကွယ်ရာ ဟူ၍ ယုံကြည်ဆည်းကပ်ပါ၏
သံဃာ သရဏံ ဂစ္ဆာမိ
သံဃာတော်ကို ကိုးကွယ်ရာဟူ၍ ယုံကြည်ဆည်းကပ်ပါ၏
ပိုလေးနက်အောင် ဒုတိယမ္ပိ ..တတိယမ္ပိ ...နှစ်ကြိမ် ထပ်ဆိုပါတယ်။ သရဏဂုံလုံရင် အပါယ်မကျဘူးဆိုဆာကို ရဲရဲအာမခံနိုင်ပါတယ်။
ဒုစရိုက် (၁၀) ပါးကို ရှောင်ပြီး သုစရိုက် (၁၀) ကို ဖြည့်ကျင့်ဖို့အတွက် ငါးပါးသီလကို ခံယူဆောက်တည်ကြရပါတယ်။ ငါးပါးသီလ လုံခြုံရင်လည်း အပယ်မကျဘဲ ချမ်းသာတဲ့ သူဂတိဘဝများကို အကြိမ်ကြိမ် ရနိုင်တာကို အာမခံနိုင်ပါတယ်။
သရဏဂုံနှင့် ငါးပါးသီလဆောက်တည်ခြင်းဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အခြေခံကျင့်ဝတ်ပါပဲ။
သရဏဂုံက အမြတ်ဆုံးဥစ္စာဖြစ်ပြီး ငါးပါးသီလကအကောင်းဆုံးကိုယ်ကျင့်တရားဖြစ်ပါတယ်။ တန်ဖိုးမဖြတ်နိုင်တဲ့ တရားတွေဖြစ်လို့ ဆောက်တည်ကြတဲ့ လူတို့ကို လက်ငင်းဘေးရန်ကင်းရှင်းပြီး ချမ်းသာ
မြင့်မြတ်စေပါတယ်။ သို့ဖြစ်ပါ၍ မိမိတို့အနေနှင့် သရဏဂုံနှင့် ငါးပါးသီလကို မိမိအသက်နှင့် ထပ်တူတန်ဖိုးထား၍ မြင့်မြတ်စွာ စောင့်ထိမ်းကြမည်ဆိုလျှင် အပါယ်သို့ မလားဘဲနှင့် ကောင်းသော ဘဝများကိုသာ ဆက်တိုက်ခံစား စံစားရမှာဖြစ်ပါတယ် ။ စာဖတ်သူ မိတ်ဆွေအပေါင်းတို့လည်း မြတ်မြတ်သော သူများဖြစ်ကြပါစေ....

0 comments:

Post a Comment