မည်သည့်အရာကို တောင့်တကြသနည်း?

မြတ်စွာဘုရားဟာ သာဝတ္ထိပြည်က ၀ိသာခါလှူဒါန်းထားတဲ့ ပုဗ္ဗာရုံကျောင်းမှာ သီတင်းသုံး နေတော်မူစဉ် ဖြစ်တယ်။ ဥပုသ်နေ့ကြီး တစ်ရက်မှာ အမျိုးသမီး ငါးရာလောက်ဟာ ဥပုသ်စောင့်ဖို့ ဆိုပြီးတော့ ကျောင်းတော်ကို သွားကြတယ်။ ကျောင်းဒါယိကာမကြီး ၀ိသာခါကတော့ အဲဒီ ဥပုသ်လာစောင့်တဲ့ အမျိုးသမီးတွေကို မေးခွန်းတွေ မေးကြည့်တယ်။
အသက်အကြီးဆုံး ဖြစ်တဲ့ အမျိုးသမီးအုပ်စုကို မေးကြည့်တယ်။
“အမေအိုတို့….. ဘာအကျိုး အတွက်ကြောင့် ဥပုသ်လာစောင့်ကြတာပါလဲရှင်?”
အဲဒီ အမျိုးသမီးအုပ်စုက ပြန်ဖြေတယ်။
“ဥပုသ်စောင့်ရင် နတ်ပြည်ကို ရောက်မယ် ဆိုလို့ လာကြတာလေ”
ကျောင်းဒါယိကာမကြီး ၀ိသာခါက အသက်အရွယ် အလယ်အလတ် ရှိတဲ့ အမျိုးသမီး အုပ်စုကို သွားပြီးတော့ မေးပြန်တယ်။
“အစ်မတို့….. ဘာအကျိုးအတွက် ဥပုသ်လာစောင့်ကြတာပါလဲ ရှင်”
“လင်တူ မိန်းမတွေဟာ ရန်သူမတွေလိုပဲလေ။ အဲဒီ ရန်သူမတွေနဲ့ အတူနေရခြင်းမှ လွတ်ကင်းပါစေ ဆိုပြီးတော့ တို့က ဥပုသ်လာစောင့်ကြတာလေ”
တစ်ခါ ထပ်ပြီးတော့ ကျောင်းအစ်မကြီး ၀ိသာခါဟာ အသက်အရွယ် ငယ်ရွယ်နုပျိုတဲ့ အမျိုးသမီး အုပ်စုကို ထပ်ပြီးတော့ မေးပြန်ရော
“တို့တွေက ကိုယ်ဝန်ရှိလာတဲ့ အခါကျရင် ပထမဦးဆုံး သားဦးကိုယ်ဝန်မှာ သားယောက်ျားလေး ရပါစေ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ လာကြတာပေါ့”
အိမ်ထောင် မရှိသေးတဲ့ သတို့သမီးပျိုတို့ကို ထပ်ပြီးတော့ မေးကြည့်တယ်။
“ကျွန်မတို့ ဥပုသ်လာစောင့်ရတဲ့ အကြောင်းအရင်းက ကျွန်မတို့ အိမ်ထောင်ပြုတဲ့ အခါကျရင် ငယ်ရွယ်တဲ့ အချိန်တုန်းသာလျှင် ကျွန်မတို့ရဲ့ လင်ယောက်ျားအိမ်ကို လိုက်သွားရပါစေ ဆိုတဲ့ ရည်ရွယ်ချက်ကို ပြည့်သွားအောင်လေ”
ကျောင်းဒါယိကာမကြီး ၀ိသာခါလည်းပဲ အမျိုးသမီး ငါးရာတို့ရဲ့ အဖြေတွေကို ကြားရပြီးတာနဲ့ သူတို့ကို ခေါ်ဆောင်ပြီး မြတ်စွာဘုရားထံကို သွားတယ်။ မြတ်စွာဘုရားကိုလည်း အဲဒီ အသက်အရွယ် အမျိုးမျိုးရှိတဲ့ အမျိုးသမီး ငါးရာတို့ရဲ့ ပြောစကား အဖြေတွေကို အစဉ်အတိုင်း ပြန်ပြီးတော့ လျှောက်ထားမေးမြန်းတယ်။
လျှောက်ထားတဲ့ စကားကို မြတ်စွာဘုရားက ကြားတော်မူပြီးတာနဲ့
“၀ိသာခါ…..ဤသတ္တ၀ါတို့၏ ကိုယ်တွင်း၌ ဇာတိ အစရှိသော တရားတို့ သည်ကား လှံတံ၊ နှင်တံ စွဲကိုင်ထားသော နွားကျောင်းသားနှင့် တူပေသည်။ ပဋိသန္ဓေ နေခြင်းသည် အိုခြင်းထံသို့၊ အိုခြင်းသည် နာခြင်းထံသို့၊ နာခြင်းသည် သေခြင်းထံသို့ ပို့လွှတ်ပြီးလျှင် ဓားမဖြင့် ဖြတ်ပိုင်းကုန်သကဲ့သို့ အသက်ကို ဖြတ်ပိုင်းကြကုန်၏။ ဤသို့ပင် ဖြစ်သော်လည်း ၀ဋ်ကင်းရာ နိဗ္ဗာန်ကို တောင့်တသောသူတို့ မရှိကြကုန်။ သံသရာ ၀ဋ်ကိုသာ တောင့်တကြကုန်၏”
အဲဒီလို ၀ိသာခါကို မိန့်တော်မူပြီးတာနဲ့ မြတ်စွာဘုရားလည်း ယထာ ဒဏ္ဍေန အစရှိတဲ့ ဂါထာကို ဟောတော်မူတယ်။

ယထာ ဒဏ္ဍေန ဂေါပါလော၊ ဂါဝေါ ပါဇေတိ ဂေါစရံ။
ဧ၀ံ ဇရာ စ မစ္စု စ၊ အာယုံ ပါဇေန္တိ ပါဏိနံ။
ဂေါပါလော၊ နွားကျောင်းသားသည်။ ဒဏ္ဍေန၊ လှံတံဖြင့်။ ဂါဝေါ၊ နွားတို့ကို။ ဂေါစရံ၊ ကျက်စားရာ အရပ်သို့။ ပါဇေတိယထာ၊ မောင်းနှင်လေသကဲ့သို့။ ဧ၀ံ(တထာ)၊ ထို့အတူ။ ဇရာ စ၊ အိုခြင်းသည် လည်းကောင်း။ မစ္စု စ၊ သေခြင်းသည် လည်းကောင်း။ ပါဏိနံ၊ သတ္တ၀ါတို့၏။ အာယုံ၊ အသက်ကို။ ပါဇေန္တိ၊ မောင်း နှင်ကြကုန်၏။
မြတ်စွာဘုရား ပေးလိုက်တဲ့ ဥပမာလေးက သိပ်ကို ကောင်းတယ်။ နွားကျောင်းသားတွေဟာ နွားတို့ကို စားကျက်ဆီသွားအောင် နှင်တံနဲ့ မောင်းနှင်လိုက် သလိုပါပဲ။ ဘယ်သူမှ ရှောင်လွဲလို့ မရတဲ့ အိုခြင်း၊ နာခြင်း၊ သေခြင်းတို့ဟာလည်း သတ္တ၀ါတွေရဲ့ အသက်ကို သုဿန်ဆီကို မောင်းနှင်ပို့ဆောင် နေတာပဲ ဆိုပြီးတော့ ဟောလိုက်တာလေ။
ဒါပေမဲ့ လူတိုင်းလိုလိုဟာ သံသရာဝဋ်ကိုပဲ တောင့်တနေကြတာ။
ပုထုဇဉ်တွေဟာ ငရုပ်သီးထဲမှာ ရှိတဲ့ ပိုးတွေလိုပါပဲ။ ငရုပ်သီး ပူလို့ ပူမှန်း မသိကြဘူးလေ။ ငရုပ်သီးအထဲမှာ ပျော်နေကြတာပဲ။ အဲဒါဆိုရင် လူ့လောကကြီးဟာ ပူလို့ ပူမှန်း သိအောင် ဘယ်လို လုပ်ကြမလဲ?
အပူကို အပူမှန်း သိအောင် သတိ ဉာဏ်ပညာနဲ့ ကြည့်မှ ရမှာလေ။ ပထမဦးဆုံး ပတ်ဝန်းကျင်ကို မကြည့်နဲ့ဦး။ ကိုယ့်ကိုယ်ကို အရင်ပြန်ကြည့်ပါ။ ဒီခန္ဓာရနေတာဟာ ဒုက္ခပဲ ဆိုတာ ဉာဏ်နဲ့ လေးလေးနက်နက် သိသွားပြီ ဆိုရင် ဒီခန္ဓာကို မစွဲတော့ဘူးပေါ့။ ဒုက္ခကို ဒုက္ခမှန်း မသိသေးသ၍တော့ ဒီခန္ဓာလေးကို စွဲနေပြီး ကိလေသာ အထဲမှာ ပျော်နေလိုက်တာ။
ခန္ဓာကို တောင့်တခဲ့လို့ ရလာတာ။ ဒီခန္ဓာဟာ မွေးလာတဲ့ အချိန်ကစပြီးတော့ သေခြင်းကို ဦးတည်သွားနေတယ် ဆိုတာကို နေ့တိုင်း၊ အချိန်တိုင်းမှာ နှလုံး သွင်းထားလိုက်နိုင်ပြီ ဆိုရင်တော့ ဒီခန္ဓာကိုယ်ကို စွဲနေတာလေး အတော်အတန်ကို လျော့ပါးသွားပါလိမ့်မယ်။ စွဲလန်းတဲ့ ကိလေသာ လျော့ပါးလေလေ နိဗ္ဗာန်နဲ့ နီးလေလေပါပဲ။
ဒါဆိုရင် နိဗ္ဗာန်နဲ့ နီးချင်တယ် ဆိုရင်တော့ သံသရာဝဋ်ကို မတောင့်တဘဲ ဘာကိုတောင့်တကြမလဲ ဆိုတဲ့ အဖြေကို သိလောက်ပြီပေါ့နော်…..

0 comments:

Post a Comment